သင့်တန်ဖိုးဟာ သင့်ပေါ်မှာသာ မူတည်နေတာပါ။
Published on September 23, 2025 Reading time: 1 mins Tags: #Value of life #Self-worth #Personal growth
ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ရဲ့တန်ဖိုးကိုဘယ်လိုသတ်မှတ်ကြပါသလဲ။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ် တွေးကြည့်ဖူးပါသလား။ ဘာမှမဟုတ် ဘာမှတန်ဖိုးမရှိတဲ့လူတစ်ယောက်အဖြစ် ခံစားနေမိသလား။ တကယ်တော့ ကျွန်တော်တို့တန်ဖိုးဟာ ကျွန်တော်တို့ပေါ်မှာပဲမူတည်နေတာပါ။ ကျွန်တော်တို့တန်ဖိုးကို အခြားလူတစ်ယောက်က သတ်မှတ်ပေးလို့မရသလို၊ တန်ဖိုးရှိပြီးသားကျွန်တော်တို့ကိုလည်း တန်ဖိုးမဲ့တဲ့လူတစ်ယောက်အဖြစ် နှုတ်ဖျားလေးနဲ့ ရှုံ့ချလိုက်လို့ တန်ဖိုးမကျသွားနိုင်ပါဘူး။ အဲဒါဆိုရင် လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ ဘာဖြစ်မလဲစဉ်းစားစရာဖြစ်နေပြန်ပါတယ်။ လူ့ဘဝဟာ ရခဲလှပါတယ်လို့လည်း ပြောကြတာကြားဖူးမှာပါ။ ဘာကြောင့် လူ့ဘဝဟာ တန်ဖိုးရှိတယ်လို့ဆိုရသလဲဆိုရင် လူဖြစ်နေတဲ့ဘဝမှာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ့်ဘဝကို ကိုယ်တိုင်စိတ်ကြိုက်ပုံဖော်နိုင်ခွင့်ရှိလို့ပါပဲ။ အလွယ်ဆုံးနည်းနဲ့စဉ်းစားကြည့်မယ်ဆိုရင် တိရိစ္ဆာန်ဘဝနဲ့ယှဉ်ကြည့်ရအောင်ပါနော်။ တိရိစ္ဆာန်တွေမှာ အစားအသောက်ဆိုရင်လည်း လူကကျွေးမွေးမှစားရမယ်၊ သူတို့ဖြစ်ချင်တာကို သူတို့ကိုယ်တိုင်ပြောပြခွင့်မရပြန်ဘူး၊ လူတွေက ဂရုစိုက်ရင် သူတို့ဘ၀ သာယာနိုင်မယ်ဆိုပေမယ့် လူတွေက ကိုယ့်အပူနဲ့ကိုယ် သူတို့ပြောချင်သမျှ၊ ဆိုလိုချင်သမျှကိုလည်း အကုန်လုံး လိုက်နားလည်ဖို့မဖြစ်နိုင်ပြန်ပါဘူး။ တနည်းအားဖြင့် အိမ်မွေးတိရိစ္ဆာန်ကိုဘယ်လောက်ချစ်ချစ် သူတို့ဘာဖြစ်နေသလဲ၊ သူတို့ဘာလုပ်ချင်သလဲဆိုတာကို အမူအယာအားဖြင့်သာ သိနိုင်ပြီး သူတို့ကိုယ်တိုင်ပြောပြနိုင်ခြင်းမရှိပါဘူးနော်။ အဲဒီလိုကွာခြားချက်ကြောင့်သာ လူဖြစ်ရတာ အရမ်းတန်ဖိုးရှိတယ်လို့ ဆိုလိုချင်တာဖြစ်မှာပါ။ အဲဒီလို ကိုယ်ဖြစ်ချင်တာကိုယ်တိုင်ဖန်တီးကြိုးစားခွင့်ရနိုင်တဲ့တန်ဖိုးရှိတဲ့လူ့ဘဝကို ရထားတဲ့အချိန်လေးမှာ ရထားရကျိုးနပ်အောင် ကြိုးစားခြင်းကသာ ထိုလူတစ်ယောက်အတွက် တန်ဖိုးအရှိဆုံးဖြစ်နိုင်တာပါ။ ရခဲလှပါတယ်ဆိုတဲ့လူ့ဘဝကို တန်ဖိုးမသိဘဲ အလကားကုန်ဆုံးလိုက်ခြင်းဟာ ခုလက်ရှိဘဝအလကားကုန်ဆုံးသွားသလို၊ နောင်တစ်ချိန်အတွက်လည်း ဘာမှရေရာနိုင်ခြင်းမရှိတော့ပါဘူး။ ကိုယ့်ဘဝဟာလည်း အလကားတန်ဖိုးမရှိတဲ့ဘဝဖြစ်သွားနိုင်တာပါပဲ။ အဲဒီ့အတွက်ကြောင့်ပဲ ကိုယ့်တန်ဖိုးဟာ ဘယ်သူကမှသတ်မှတ်တာမဟုတ်ဘဲ ကိုယ့်အပေါ်သာမူတည်တာပါလို့ပြောချင်တာဖြစ်ပါတယ်။ အချို့လူတွေပြောတာကြားဖူးပါတယ်၊ လူဖြစ်လာမှတော့ လူသားတစ်ယောက်အနေနဲ့ မလုပ်ဖူးတာမရှိရဘူးဆိုတာမျိုးပေါ့။ ရုတ်တရက်ကြားရင် မှန်သလိုလိုနဲ့ သေချာစဉ်းစားကြည့်ရင်မှားပါတယ်။ လူသားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ပြီး အသိဉာဏ်ပြည့်ဝတဲ့အတွက် မလုပ်သင့်မလုပ်ထိုက်တာကိုတော့ လုံးဝမလုပ်သင့်ပါဘူး။ လူသားတစ်ယောက်ဖြစ်နေလို့ကို အကုန်လိုက်လုပ်နေလို့မဖြစ်ဘဲ တကယ်မှန်ကန်ပြီး တရားတဲ့လုပ်သင့်တဲ့အရာမျိုးတွေကိုပဲ လုပ်မှ တန်ဖိုးရှိတဲ့ဘဝကို ရမှာဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမယ်၊ ကိုယ်ကျင့်တရားကိုတန်ဖိုးထားမယ်၊ စောင့်ထိန်းမယ်၊ ရိုးသားမယ်၊ ကြင်နာတရားထားမယ်၊ စသဖြင့် အခြားလူတစ်ယောက်ကိုမထိခိုက်အောင်နေထိုင်ခြင်းအပြင် လူသားတွေအတွက်အများကြီးမလုပ်နိုင်ရင်တောင် ကိုယ့်ပတ်ဝန်းကျင်ကိုတော့ ထိခိုက်စေတဲ့သူမဖြစ်သင့်ပါဘူး။ သင့်ဘဝကို တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ်ရှင်သန်မလား၊ မရှင်သန်ဘူးလားဆိုတာက သင့်အပေါ်သာမူတည်နေတာဖြစ်ပါတယ်။ “The value of life lies not in the length of days, but in the use we make of them” ~ Michel de Montaigne ပြောသလို ဘဝဆိုတာ ဘယ်လောက်ကြာကြာအသက်ရှင်ရသလဲဆိုတာထက် အသက်ရှင်ရတဲ့နေ့တွေကို ဘယ်လိုအသုံးချသလဲဆိုတာပါပဲ။ သင့်ရဲ့နေ့ရက်တွေကို အကျိုးရှိစွာအသုံးချတဲ့အခါ သင့်ကိုယ်သင်အတွက် အသုံးကျတဲ့လူတစ်ယောက်ဖြစ်လာသလို သင့်ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်။ သင့်ဘဝရဲ့နေ့ရက်အချိန်တွေကို အလကားကုန်ဆုံးလိုက်တဲ့အခါမှာလည်း သင့်ကိုယ်သင်အတွက် အစွမ်းအစဆုတ်ယုတ်လာသလိုဖြစ်ပြီး သင့်ကိုယ်တိုင်အတွက်တောင်အသုံးမကျသလို၊ အခြားဘယ်သူ့အတွက်မှအသုံးမဝင်တဲ့လူဖြစ်လာမှာပါပဲ။ အဲဒါကြောင့် သင့်ဘဝကိုဘယ်လိုရှင်သန်ရပ်တည်နေထိုင်မလဲဆိုတာသာ သင်ဆုံးဖြတ်ပါ။ အဲဒီ့ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်နေတာပါ။ ”The major value in life is not what you get. The major value in life is what you become”. Jim Rohn စကားလိုပေါ့။ ဘဝရဲ့တန်ဖိုးက သင်ဘာရသလဲဆိုတာမဟုတ်ဘဲ သင်ဘာဖြစ်လာသလဲဆိုတာပါပဲ။ သင့်အပေါ်ပဲမူတည်တာပါ၊ သင်ဘာဖြစ်လာအောင်လုပ်နိုင်သလဲဆိုတာပေါ့။ မာသာထရီဇာလို ကိုယ့်အတွက်မဟုတ်ဘဲ အခြားသူတွေကို အထောက်အကူပြုနိုင်တဲ့ဘဝမျိုးအဖြစ်ရှင်သန်မလား။ ဗိုလ်ချုပ်အောင်ဆန်းလို နာမည်ကောင်းနဲ့ဘဝကို သေဆုံးမလား။ ဟစ်တလာလို လူဆိုးကြီးတစ်ယောက်အဖြစ်သတ်မှတ်ခံရပြီး သေဆုံးမလား၊ ဂဠုန်ဦးစောလို လူဆိုးကြီးအဖြစ် သတ်မှတ်ခံရပြီး သမိုင်းတွင်ချင်သလား။ အားလုံးဟာ သင့်အပေါ်မူတည်နေတာပဲဖြစ်ပါတယ်။ အဲဒါကလည်း သင့်ရဲ့တန်ဖိုးလည်းဖြစ်မှာပါ။ အဲဒါကြောင့် ခုပဲ သင့်ကိုယ်သင်ပြန်မေးကြည့်လိုက်ပါ။ သင့်ဘဝကို သင်ဘယ်လိုမျိုးရှင်သန်ဖြစ်နေပါသလဲလို့၊ သင့်တန်ဖိုးဟာ သင့်အပေါ်မှာသာ မူတည်နေတာပါ။