အမေရိကန် လူမည်း စာရေးဆရာမ Toni Mဝrrison
Published on September 19, 2025 Reading time: 1 mins Tags: #Toni Morrison #Literary Awards #African American #Nobel Prize #Author
Toni Mဝrrison က အမေရိကန်လူမျိုး လူမည်းစာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ နာမည်ရင်း Chloe Ardelia Wofford ဖြစ်ပြီး ၁၉၃၁ခုနစ် ဖေဖော်ဝါရီ ၁၈ရက်မှာ Lorain ၊ Ohio၊ U.S. မှာမွေးဖွားခဲ့ပါတယ်။ ဝတ္ထုရေးစာရေးဆရာ၊ အယ်ဒီတာ၊ ပါမေက္ခတစ်ယောက်ဖြစ်ပြီး သူမရဲ့ပထမဆုံးဝတ္ထု The Bluest Eye ကို ၁၉၇၀ခုနစ်မှာ ပုံနှိပ်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ဝတ္ထုတွေက ဆိုလိုရင်းထိမိသလို စကားပြောတွေရှင်းလင်းပါတယ်။ အာဖရိကန် အမေရိကန်လူမျိုးတွေရဲ့ စရိုက်သဘာဝကို ပီပြင်စွာရေးဖွဲ့နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့နာမည်ကြီး ဝတ္ထုတွေကတော့ The Bluest Eye , Song of Solomon , နဲ့ Beloved တို့ဖြစ်ပါတယ်။ ၁၉၉၃ ခုနစ်မှာ စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့ပြီး ၁၉၈၇ ခုနစ်မှာလည်း ပူလစ်ဇာဆုကို Beloved ဝတ္ထုကြောင့် ထပ်မံရရှိခဲ့ပါတယ်။ ၂၀၀၁ခုနစ်မှာ အမေရိကန်ရဲ့အကျော်ကြားဆုံးအမျိုးသမီးအယောက် ၃၀ထဲမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၂ခုနစ်မှာ အမေရိကန်သမ္မတ Barack Obama ချီးမြင့်ခဲ့တဲ့ Presidential Medal of Freedom ဆိုတဲ့ဆုကိုလည်း ရရှိခဲ့ပြန်ပါတယ်။ ၂၀၁၆ ခုနစ်မှာလည်း PEN/Saul Bellow Award for Achievement in American Fiction ဆိုတဲ့ဆုကိုလည်း ထပ်မံရရှိခဲ့ပါသေးတယ်။ Mဝrrison ရေးသားခဲ့တဲ့ ဝတ္ထုအကြောင်းအရာတွေက ကြီးကျယ်ပြီးအဓိပ္ပါယ်လေးနက်မှု၊ အရေးအသား လက်ရာမြောက်အောင် ရေးဖွဲတတ်မှု၊ အမေရိကန်လူမျိုး လူမည်းတွေအကြောင်းကို အသေးစိတ်ကျကျ၊ ကြွယ်ဝစွာရေးသားတတ်မှုတို့ကြောင့် ထင်ရှားကျော်ကြားခဲ့ခြင်းဖြစ်ပါတယ်။ သူမဝတ္ထုတွေရဲ့အဓိက အကြောင်းအရာတွေကတော့ လူမည်းအမေရိကန်လူမျိုးအတွေ့အကြုံတွေပဲဖြစ်ပါတယ်။ မမျှတတဲ့လူမှုဝန်းကျင်မှာ သူမရဲ့ဇာတ်ကောင်တွေက သူတို့ကိုယ်သူတို့ခက်ခဲစွာ ပုံဖော်နေရတဲ့အကြောင်းကို အပျော်လေးတွေရောပြီးကဗျာဆန်ဆန် ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ သူမရေးသားခဲ့တဲ့အထဲက လူသိများထင်ရှားတဲ့ကောက်နုတ်ချက်တစ်ချို့ကတော့- “ You wanna fly, you got to give up the shit that you weighs to down” သင်ပျံသန်းချင်တယ်ဆိုရင် သင့်ကိုအောက်ကျအောင်ဆွဲချမယ့် လေးပင်တဲ့အရာတွေကို လွှတ်ချနိုင်ရမယ်။ “If you surrendered the air. you could ride it” လေဟုန်စီးချင်တယ်ဆိုရင် လေထဲမှာ အလိုက်သင့်မျောပါနိုင်ဖို့လိုတာပေါ့။ “You are Your best thing” သင့်ကိုယ်သင်အတွက် အကောင်းဆုံးသောအရာက သင်ကိုယ်တိုင်ပါပဲ။ “something that is love is never lost” ကိုယ်ချစ်ခင်နှစ်သက်တဲ့တစ်စုံတစ်ခုက ဘယ်တော့မှဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ အမေရိကန်သမ္မတ Barack Obama ကတော့ “ Mဝrrison ရဲ့ဝတ္ထုတွေရဲ့ ဇာတ်လမ်းတွေက မလှပဘူး ထင်ရပေမယ့် အဓိပ္ပါယ်အများကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ချင်းစာတရားတွေနဲ့ အသိတရားတွေကို အများကြီးဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ လူဖြူ ၊လူမည်းဆိုတာထက် နိုင်ငံသားအခွင့်အရေးအပေါ် ဦးတည်ပြီး ရေးသားဖော်ပြခဲ့တာမို့ တန်ဖိုးရှိပြီး တော်တဲ့စာရေးဆရာတစ်ယောက်ဖြစ်တယ်လို့လည်း ချီးကျူးဖော်ပြခဲ့ပါတယ်။ ပြောရရင်တော့ Toni Morrison က သူမကျင်လည်ရာပတ်ဝန်းကျင်က လူမည်းအမျိုးသမီးတွေရဲ့ဘ၀ အတွေ့အကြုံတွေကို နို်င်ငံသားအခွင့်အရေးအပေါ်ဦးတည်ရေးသားခဲ့တာမို့ လူမည်းတွေရဲ့ဘဝကို အခြားသူတွေပိုပြီး သိရှိနားလည်သွားသလို၊ လူမည်းတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်လာစေခဲ့ပါတယ်။ လူဖြူလူမည်းကြားဆက်ဆံရေးကို အဆင်ပြေတိုးတက်လာစေအောင် သူတတ်ကျွမ်းရာစာပေရေးသားခြင်းအားဖြင့် ကြိုးစားအားထုတ်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားကဏ္ဍကို တိုးတက်စေတဲ့ စာရေးဆရာအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Toni Morrison က အသက် ၈၈နှစ် ၂၀၁၉ သြဂုတ်လ ၁၅ရက်နေ့မှာ New York မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ Toni Morrison ကွယ်လွန်သွားခဲ့ပေမယ့် သူမရဲ့ရည်ရွယ်ချက်ကောင်းနဲ့ရေးသားခဲ့တဲ့တန်ဖိုးရှိတဲ့စာပေတွေကတော့ အမေရိကန်လူမျိုးတွေကြားထဲမှာသာမက တစ်ကမ္ဘာလုံးကလူသားတွေရင်ထဲမှာ ဆက်လက်ရှင်သန်နေအုံးမှာပဲဖြစ်ပါတယ်။ Toni Morrison – Wikipedia မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။
https://bawa101.com/my/posts/ameyaikan-lumi-sayaesayaam-toni-mwrrison-1931-feb-18-to-2019-august-5