အောင်မြင်သော စီးပွားရေးသမားများ၏ ငွေကြေးအလေ့အကျင့်
Published on September 4, 2025 Reading time: 1 mins Tags: #Finance #Business #Success
အောင်မြင်နေသော စီးပွားရေးသမားများမှာ ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုအလေ့အကျင့်ကောင်းတွေရှိနေသလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်ကြီးမှာ လူတိုင်းလိုလိုက လိုချင်တပ်မက်စရာတွေနောက်ကိုလိုက်ရင်း ငွေတွေကို မသုံးချင်ဘဲ သုံးမိ၊ ရှာသလောက်မလောက်ငတာမျိုးတွေ ပိုပြီး ကြုံနေကြတယ်မဟုတ်လား။ အဲဒီ့တော့ အောင်မြင်သူတွေနဲ့ ကိုယ်တွေနဲ့ ငွေကြေးဆိုင်ရာခြားနားချက်တွေကို လေ့လာကြည့်ပြီး ဆင်ခြေစရာလေးတွေ ဆင်ခြင်လို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။
၁) ငွေကြေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်သတ်မှတ်ထားတတ်ပါတယ်။
ဒီတစ်လမှာ ငွေဘယ်လောက်စုမယ်၊ ဆိုတဲ့ ငွေကြေးနဲ့ဆိုင်တဲ့သတ်မှတ်ချက်မျိုး သတ်မှတ်ထားတတ်ကြပါတယ်။
၂) ခြိုးခြံချွေတာတတ်ကြပါတယ်။
ခြိုးခြံချွေတာတာနဲ့ ကပ်စေးနှဲတာ မတူပါဘူးနော်။ မကုန်သင့်တဲ့နေရာမကုန်အောင် ထိန်းသိမ်းပြီး သုံးတာက ခြိုးခြံချွေတာတာပါ။ သုံးသင့်တဲ့နေရာလည်း မသုံးချင်၊ ကုန်သင့်တဲ့နေရာမျိုးမှာလည်း မကုန်ချင်တာကတော့ ကပ်စေနှဲတာပါ။ အောင်မြင်သူတွေက ကပ်စေးမနှဲပါဘူး၊ သုံးသင့်တဲ့နေရာမှာ သုံးပေမယ့် မသုံးသင့်တဲ့နေရာမျိုးကျ အကုန်အကျသက်သာအောင် ခြိုးခြံတတ်ကြပါတယ်။
၃) ဦးစားပေးသင့်တဲ့ကုန်ကျစရိတ်ကို သတ်မှတ်ထားကြပါတယ်။
ငွေဆိုတာကတော့ မစဉ်းစားဘဲ သုံးပစ်လိုက်ရင် သုံးစရာနေရာတွေချည်းပါပဲ။ ဒါပေမယ့် တကယ်ကုန်ကျသင့်တဲ့နေရာမျိုးကို ဦးစားပေးလိုက်ရင် မကုန်သင့်တဲ့နေရာတွေမှာ ကုန်ကျတာ လျော့ပါးသွားနိုင်ပါတယ်။ အောင်မြင်သူတွေက ထိုသဘောတရားကို ကောင်းကောင်းကြီးအသုံးချတတ်ပါတယ်။ မကုန်မဖြစ် ဦးစားပေးရမယ့်နေရာမျိုးမှာ ကုန်ကျစရိတ်ကို သတ်မှတ်ထားတတ်ပါတယ်။
၄) အသုံးစရိတ်တွေ သတ်မှတ်ထားတတ်ပါတယ်။
တစ်လကို ဘယ်လောက်သုံးမယ်ဆိုတဲ့ အသုံးစရိတ်သတ်မှတ်ချက်မျိုး ထားတတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ပမာဏအတွင်း သုံးတတ်သွားတဲ့အခါ အပိုငွေတွေထွက်လာတတ်ပါတယ်။ အသုံးစရိတ်မသတ်မှတ်ထားရင် ဘာအတွက်ဘယ်လိုသုံးဖြစ်မှန်းတောင်မသိလိုက်ရဘဲ လက်ထဲရှိရင်ရှိသလောက် ကုန်သွားတာမျိုးဖြစ်တတ်ပါတယ်။ အောင်မြင်သူတွေကတော့ သူတို့အတွက် သတ်မှတ်ထားတဲ့အသုံးစရိတ်အတွင်းမှာသာ သုံးဖြစ်တဲ့အတွက် တစ်လစာအသုံးစရိတ်ဘယ်လောက်ရှိမှန်း တွက်ချက်နိုင်ကြပါတယ်။
၅) ငွေကြေးနဲ့ဆိုင်တဲ့ နည်းလမ်းတွေကို အမြဲလေ့လာသင်ယူတတ်ပါတယ်။
ငွေကြေးတွေ အရမ်းသုံးမိနေတတ်သလား၊ ငွေကြေးတွေ အဝင်အထွက်မမျှဘူးဖြစ်နေသလား၊ စုငွေကနည်းနေသလား၊ ရင်းနှီးငွေက ဘယ်လောက်၊ အမြတ်ငွေက ဘယ်လောက်စသည်ဖြင့် သူတို့မှာက အမြဲစာရင်းဇယားနဲ့ ရှိပါတယ်။ ပြန်လည်သုံးသပ်တတ်ကြသလို သူတို့ရဲ့လိုအပ်ချက်တွေရှိရင်လည်း ဘယ်လိုပြုပြင်ရမလဲ၊ ဘယ်လိုသင်ယူရမလဲဆိုတာ နားလည်ကြပါတယ်။ သူတို့ထက်ပိုပြီး အောင်မြင်သူတွေက ဘယ်လိုစနစ်တကျအသုံးချနေသလဲဆိုတာမျိုးလည်း အမြဲနားစွင့်ပြီး မေးမြန်းသင်ယူတတ်ကြပါတယ်။
၆) ပုံမှန်စုဆောင်းတတ်ကြပြီး ရင်းနှီးမြုပ်နှံတတ်ပါတယ်။
အောင်မြင်သူတွေက ငွေကြေးနဲ့ပတ်သက်တဲ့အမျှော်အမြင်ရှိကြပါတယ်။ ဒီနေ့ဘယ်လောက်ရင်းနှီးမြုပ်နှံသင့်လဲ၊ ဘယ်လောက်စုဆောင်းမလဲ။ စုဆောင်းထားတာတွေကို ဘယ်လိုပြန်အသုံးချဖို့လဲ။ ရင်းနှီးမြုပ်နှံခြင်းက ဘာအကျိုးတွေပြန်ရမှာလဲ စသည်ဖြင့် ငွေကြေးနဲ့ပတ်သက်ပြီး ရေရှည်ကို ကြိုတင်လှမ်းမျှော် စီစဉ်ထားတတ်ကြပါတယ်။ အဲဒါကြောင့် အောင်မြင်သူတွေမှာ ပုံမှန်စုဆောင်းငွေရှိတတ်ကြပြီး ပုံမှန်ရင်းနှီးမြုပ်နှံမှုလည်းရှိကြပါတယ်။
၇) ငွေကြေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်ရှာဖွေနိုင်တဲ့အစွမ်းအစရှိကြပါတယ်။
အောင်မြင်နေတဲ့သူတွေက သမရိုးကျအတိုင်း အလုပ်သွား၊ လစာရ ဆိုပြီး ပုံမှန်လိုဝင်လာမယ့်ဝင်ငွေတစ်ခုတည်းကို စောင့်မျှော်နေတတ်ကြသူတွေမဟုတ်ပါဘူး။ သူတို့မှာ ငွေကြေးနဲ့ပတ်သက်တဲ့ အိုင်ဒီယာ၊ ကိုယ်တိုင်ရှာဖွေနိုင်တဲ့ အစွမ်းအစရှိကြပါတယ်။ ပြောချင်တာက လစဉ်ရမယ့်လစာရှိမယ်ဆိုရင် လစာအပြင်တခြားဘယ်နည်းလမ်းနဲ့ ငွေကိုရှာနိုင်သေးလဲ (မတရားသောနည်းလမ်းမျိုးမဟုတ်ဘဲ) ဆိုတာမျိုးကို သူတို့က သိကြပါတယ်။
၈) ရှာနိုင်တာထက် ပိုပြီး မသုံးတတ်ကြပါဘူး အောင်မြင်သူတွေက ဝင်ငွေထွက်ငွေကို မျှတအောင် ညှိတတ်ကြပါတယ်။
တစ်လဝင်ငွေထက် ပိုပြီး သုံးခြင်းကို စိတ်မဝင်စားကြပါဘူး။ ဘာလို့ဆို အောင်မြင်သူတွေအတွက် အကောင်းစားတွေဝတ်၊ အကောင်းဆုံးတွေ ဆင်ယင်ထားခြင်းက မလိုအပ်တဲ့အသုံးစရိတ်တွေဆိုတာ သူတို့က ပိုနားလည်ကြပါတယ်။ ငွေတွေကို ဖောဖောသီသီသုံးခြင်းက ကိုယ်တိုင်အတွက်မဟုတ်ပါဘူး။ ပိုစုဖို့ကြိုးစားတာနဲ့ ပိုပြီး ရင်းနှီးမြုပ်နှံနိုင်ခြင်းက ကိုယ်တိုင်အတွက် နောင်တချိန်ရလာမယ့်အသီးအပွင့်တွေဖြစ်တယ်ဆိုတာ သူတို့က သိကြပါတယ်။ အဲဒါကြောင့် သူတို့က ဘယ်တော့မှ ရှာနိုင်တာထက် ပိုမသုံးဘဲ၊ ထပ်ပြီးရှာဖို့နဲ့ ထပ်စုဖို့ ထပ်ပြီးရင်းနှီးဖို့ပဲ စဉ်းစားကြပါတယ်။ အထက်ပါအချက်တွေကတော့ အောင်မြင်သူတွေလုပ်လေ့ရှိတဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေပါ။ အဲဒီ့အကျင့်တွေကို ဆွဲကိုင်ကျင့်သုံးရင်း သူတို့ဘဝတွေက အောင်မြင်သထက်အောင်မြင်လာကြတာပါ။ စာဖတ်သူတွေလည်း နမူနာယူပြီး လိုက်နာကျင့်သုံးနိုင်ကြပါစေ။