Single mom တွေခံစားရမယ့်ဖိအားများ

Published on September 19, 2025 Reading time: 2 mins Tags: #Single Moms #Parenting Struggles #Societal Pressure

မိခင်ရယ်လို့ဖြစ်လာရင် ကိုယ့်သားသမီးလေးတွေကို ဘယ်သူကမှ မိဘအစုံအလင်မရှိတဲ့သူရယ်လို့ မဖြစ်စေချင်ကြပါဘူး။ လူတကာအလည်မှာ အဖေမရှိတဲ့သားသမီးတွေအဖြစ် မျက်နှာငယ်မှာကိုလည်း ဘယ်မိခင်မှ မလိုလားကြပါဘူး။ ဒါပေမယ့် ဘဝတစ်ခုကို အတူရင်ဆိုင်ကြတဲ့အခါ ပင်လယ်ပြင်မှာ ရွက်လွှင့်ရသလိုပါပဲ၊ နှစ်ဦးနှစ်ဘက် တာဝန်ကိုယ်စီမျှတစွာယူနိုင်မှ တစ်ဖက်ကမ်းကို ကူးနိုင်မှာပါ။ မိခင်တစ်ယောက်တည်းကပဲ တာဝန်သိတတ်ပြီး တာဝန်မသိတတ်တဲ့ဖခင်ကြောင့် ကြိတ်မနိုင်ခဲမရတွေဖြစ်ကာ သားသမီးလေးတွေ အဖေမဲ့မဖြစ်ရအောင် ကြိတ်မှိတ်သည်းခံတတ်တဲ့မိခင်မျိုးလည်းရှိသလို တစ်ဘဝလုံးလက်တွဲဖို့မဖြစ်နိုင်မှန်းသိလာတဲ့အခါ သည်းမခံနိုင်တော့တဲ့အဆုံး single mom ဘဝကိုမရွေးချယ်ချင်ပေမယ့် ရွေးချယ်လိုက်ရတဲ့ မိခင်တွေလည်း ရှိမှာပါပဲ။ ဒါပေမယ့် single mom ရယ်လို့ ဖြစ်လာပြီဆိုရင်တော့ အခြားသူများထက်ကို ဖိအားတွေပိုခံရပါတယ်။ ဘဝကို အတူတိုက်ပွဲဝင်ဖို့ ရဲဘော်ရဲဘက်မရှိ ၊ ဘဝကို တစ်ဦးတည်း ရုန်းကန်နေရတာဖြစ်တဲ့အတွက်ပါ။ တစ်ဦးတည်းဘဝကို သားသမီးတွေလက်ကိုဆွဲပြီး ရင်ဆိုင်ရတဲ့မိခင်တွေရဲ့ ဖိအားတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) ပတ်ဝန်းကျင်မှဖိအားများရှိခြင်း များသောအားဖြင့်ကတော့ တစ်ခုလပ်မဖြစ်အောင် ကြိတ်မှိတ်သည်းခံပြီး အတွင်းမီးအပြင်မသယ်နဲ့ဆိုကြပါတယ်။ ကြိတ်မှတ်သည်းခံပြီး တစ်ဘဝလုံးနေထိုင်ဖို့ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အရင်ဆုံး တစ်ခုလပ်ဖြစ်သွားတဲ့အခါမှာ single mom ဘဝနဲ့ ပတ်ဝန်းကျင်ရဲ့အပြစ်တင်ခြင်း၊ အခြားသော မိဘမောင်နှမများရဲ့ ဝေဖန်ခြင်းကို ခံကြရပါတယ်။ “ကြိတ်မှိတ်သည်းခံလိုက်တာမဟုတ်ဘူး” “သားသမီးတွေ မျက်နှာငယ်အောင်လုပ်တာ” စသည်ဖြင့် စိတ်လိုက်မာန်ပါဆုံးဖြတ်ချက်ချတယ်ဆိုပြီး ဖိအားပေးတတ်ကြပါတယ်။ အဲဒါအပြင် single mom တွေဆိုရင် ပိုပြီး အနိုင်ကျင့်တတ်ကြပါတယ်။ ပိုပြီးလည်း မျက်နှာငယ်ရပါတယ်။ စိတ်ဓာတ်မကောင်းတဲ့တချို့သူတွေရဲ့ မထိတထိအသားယူအနိုင်ကျင့်ခြင်းမျိုးကိုလည်း ခံစားရတတ်ပါတယ်။ ဖခင်တာဝန်ကော ၊ မိခင်တာဝန်ကော ၂မျိုးလုံးယူထားရလို့ စာနာနားလည်အားပေးတာထက် သည်းခံပြီး ရှေ့မဆက်လို့ အပြစ်တင်ကြတာကိုတောင် ခံကြရပါသေးတယ်။

၂) ငွေကြေးဆိုင်ရာဖိအားများရှိခြင်း အရင်တုန်းက မိသားစုအတွက် ငွေကိုရှာဖွေနိုင်တဲ့အိမ်ထောင်ဦးစီးရှိမယ်ဆိုရင်တောင် ခုတော့ အိမ်ထောင်ဦးစီးလည်း ကိုယ်၊ အိမ်ထောင်ရှင်မလည်း ကိုယ်တိုင်ပဲဖြစ်တဲ့အတွက် တာဝန်ပိုလာပါတယ်။ အိမ်ထောင်မှုထိန်းသိမ်းဖို့လည်း အာရုံစိုက်ရသလို၊ ငွေကြေးရှာဖွေဖို့၊ စီးပွားရေးအဆင်ပြေဖို့လည်း ကြံစည်ကြိုးစားရပြန်ပါတယ်။ အခြားသူများထက်လည်း အလုပ်တာဝန်ပိုများလာလို့ ပိုပြီးလည်း ဖိအားများလာတတ်ပါတယ်။ စားဝတ်နေရေးအဆင်မပြေခြင်းကို အခြားသူများထက်ပိုပြီး စိုးရိမ်ပူပန်ရသလို၊ အဆင်ပြေအောင်လည်း အမြဲ အပြေးအလွှားကြိုးစားကြရပါတယ်။

၃) ဆုံးဖြတ်ချက်ချရာတွင်ဖိအားများရှိခြင်း တစ်ခုခုကို စဉ်းစားဆုံးဖြတ်ရမယ့်နေရာမှာလည်း အခြားသူများထက်ကို ပိုပြီးတွေးတောစဉ်းစားရပါတယ်။ သားသမီးတွေကို အကာအကွယ်ပေးဖို့နဲ့ အလုပ်မှာလည်းမလစ်ဟင်းဖို့၊ မိခင်တာဝန်မလစ်ဟင်းဖို့ စသဖြင့် နောက်ဆံလည်း ငင်နေရပါတယ်။ ကိုယ့်ရဲ့အပြုအမူကို အခြားသူတွေက ပိုပြီး စောင့်ကြည့်နေတတ်ကြလို့ ကိုယ်ပြုမူလိုက်သမျှ သားသမီးတွေအတွက် အရိပ်မည်းကြီးမဖြစ်အောင်လည်း သတိထားနေထိုင်ရပါတယ်။

၄) အခြားလူများထက်ကို စိတ်မောလူမောဖြစ်ရခြင်း ဘဝကို တစ်ယောက်တည်းရုန်းကန်ရှင်ရတာဖြစ်တဲ့အတွက် တာဝန်တွေအားလုံး တစ်ယောက်တည်းဖြေရှင်းရပါတယ်။ အဲဒါကြောင့် အခြားသူများထက်ကို ပိုပြီး စိတ်မောလူမောဖြစ်ရပါတယ်။ သားသမီးတွေရဲ့ရှေ့ရေး၊ နောင်ရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို တွေးပူပန်ပြီး ကြိုတင်စီစဉ်ရသလို၊ လက်ရှိကာလမှာ အဆင်ပြေအောင်လည်း အပြေးအလွှားကြိုးစားဖန်တီးနေကြရပါသေးတယ်။ Single mom ဖြစ်လာတဲ့အခါ အခြားသူများထက်ကို စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကြရပါတယ်။ အခြားသူများထက်လည်း ဖိအားတွေပိုခံရပါတယ်။ အဲဒါကြောင့် သူတို့နေရာက ဝင်ခံစားပေးပြီး ကျဉ်းမြောင်းတဲ့အမြင်တွေနဲ့ ဖယ်ကျဉ်မထားဘဲ အားပေးကူညီသင့်ပါတယ်။

No related content found.