ပိုမြင့်တဲ့နေရာကိုရောက်ချင်ရင် ပိုသာတဲ့စွမ်းရည်ရှိရမယ်

Published on September 22, 2025 Reading time: 2 mins Tags: #Personal growth #Career development #Self-discipline

လူတိုင်းက ပိုမြင့်တဲ့နေရာကို ရောက်ချင်ကြပါတယ်။ အလုပ်လုပ်ရမယ်ဆိုရင်လည်း ထိုနည်းတူပါပဲ။ ပိုပြီးမြင့်တဲ့နေရာကိုရချင်သလို၊ ဝင်ငွေလည်း ပိုသာချင်ကြပါတယ်။ အချို့ဆိုမေးတတ်ပါသေးတယ်။ “အေးဆေးပဲလား….” ဆိုတာမျိုး ၊ ပြောချင်တာက အလုပ်ကိုအေးဆေးပဲ သာသာယာယာလုပ်ရတာလားပေါ့။ ဘယ်သူမဆို ပိုကောင်း၊ ပိုသာတဲ့အခြေအနေမျိုးကို လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ပိုအဆင်မြင့်လာတာနဲ့အမျှ ကိုယ့်ဘက်က ရင်းနှီးမှုလည်းများလာမယ်ဆိုတာကိုတော့ ဘယ်သူမှ သိပ်မတွေးတတ်ကြပါဘူး။ လူတွေရဲ့သဘောကိုက ကိုယ်ကသာ အသာလိုချင်စိတ်ရှိတာကိုး။ ကိုယ်အနစ်နာခံလိုက်ရတာမျိုးတော့ သိပ်မကြိုက်ကြပါဘူး။ ဥပမာ။ ဘွဲ့ရလို့ အလုပ်လိုက်လျှောက်ကြရင်တောင်မှ လစာကောင်းရဲ့လား၊ အလုပ်လုပ်ရတာ ပင်ပန်းလား စသဖြင့်တွေးတတ်ကြပါတယ်။ ဘယ်ကုမ္ပဏီမှာတော့ ဘာရာထူးရယ်လို့ ရာထူးကြီးကြီးမားမားလိုချင်တတ်ကြပေမယ့် ရာထူးကြီးလေ တာဝန်ယူမှု၊ တာဝန်ခံမှုကြီးလာလေလေပဲဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ သင်က ကုမ္ပဏီတစ်ခုမှာ မန်နေဂျာရာထူးလောက်လိုချင်တယ်ဆိုရင် မန်နေဂျာရာထူးကနေ ရလာမယ့် ဝင်ငွေနဲ့ အခွင့်အရေးကိုပဲ မျှော်လင့်နေလို့မရပါဘူး။ မန်နေဂျာရာထူးအလိုက် ယူကိုယူရမယ့် တာဝန်တွေ၊ ပြဿနာတွေ၊ အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။ အဲဒီလိုပါပဲ။ သင်က တစ်လကို လစာ ဆယ်သိန်းအထက်လိုချင်တယ်ဆိုရင် လစာဆယ်သိန်းနဲ့အလိုက် ပိုပြီး တာဝန်ယူမှုရှိရမှာဖြစ်သလို၊ သင့်ရဲ့အရည်အချင်းကလည်း လစာဆယ်သိန်းထက်မလျော့တဲ့အရည်အချင်းမျိုးရှိရမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ၊ သင့်မှာတော့ လစာဆယ်သိန်းလောက်ရနိုင်တဲ့အရည်အချင်းမျိုးမရှိဘဲ လစာဆယ်သိန်းလိုချင်လို့မဖြစ်နိုင်ပါဘူး။ အဲဒီ့တော့ သင်ပိုမြင့်တဲ့နေရာကိုရောက်ချင်လား…..သင့်မှာ ပိုသာတဲ့စွမ်းရည်ရှိအောင်သာ ကြိုးစားပါ။ “သင်ကိုယ်တိုင်က တန်ဖိုးရှိတဲ့လူဖြစ်မှ သင့်ကိုတန်ဖိုးထားခြင်းခံရမှာဖြစ်ပါတယ်” အဲဒီ့တော့ သင့်ပိုပြီးတန်ဖိုးတက်ချင်ရင် သင့်တန်ဖိုးကို သင်မြင့်တင်ပါ။ သင့်စွမ်းရည်မြင့်တင်ဖို့က သင့်ကိုယ်သင် ပညာရေးမှာ ရင်းနှီးမြုပ်နှံမယ်၊ အတတ်ပညာတွေကို ပိုပြီးလေ့လာသင်ယူမယ်၊ စာနေ့တိုင်းဖတ်မယ်၊ ဗဟုသုတတိုးပွားစေမယ်စသဖြင့် အများကြီးပါပဲ။ အချိန်တွေကို အကျိုးရှိစွာအသုံးချနိုင်မယ်ဆိုရင် သင့်ဘဝရဲ့စွမ်းရည်တွေကလည်း တဖြည်းဖြည်းတိုးတက်လာမှာ အမှန်ပါပဲ။ ကိုယ့်ရဲ့စွမ်းရည်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်လျှော့မတွက်မိစေဖို့ လိုပါတယ်။ အထူးသဖြင့် “ငါဒါတွေမလုပ်နိုင်ပါဘူးလေ…..” “ဒါတွေကို ငါမှနားမလည်တာ…” စသဖြင့် တွေးတာမျိုးပေါ့။ ကိုယ့်တတ်နိုင်တဲ့ဘောင်ထဲကနေ ကျော်လွန်ပြီး ထပ်ကြိုးစားဖို့မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတာမျိုးပါ။ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ်အဲဒီလိုလျှော့မတွက်လိုက်ပါနဲ့။ ကျွန်တော်တို့မှာရှိတဲ့စွမ်းရည်ကို ကျွန်တော်တို့ ကိုယ်တိုင်ကန့်သတ်လိုက်တာနဲ့တူပါတယ်။ အဲဒီလို ကန့်သတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အစွမ်းအစကလည်း ထုတ်သုံးခွင့်မရနိုင်တော့ပါဘူး။ အဲဒါကြောင့် ဘာလုပ်လုပ် အကောင်းဆုံးကြိုးစားကြည့်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ “Don’t limit your challenges. Challenge your limits” ဆိုတဲ့စကားလိုပါပဲ။ သင့်ကိုစိန်ခေါ်လာတဲ့စိန်ခေါ်မှုတွေကို သင်မကန့်သတ်လိုက်ပါနဲ့။ သင့်ရဲ့ကန့်သတ်မှုတွေကိုသာ ပြန်စိန်ခေါ်လိုက်ပါနော်။ အဲဒီ့တော့ သင့်စွမ်းရည်တိုးတက်လာဖို့ကို အရင်ဆုံးအာရုံစိုက်ပါ။ သင့်ကိုယ်သင် မလုပ်နိုင်ဘူးလို့ ကန့်သတ်ထားသမျှကို စိန်ခေါ်ပါ။ သင့်ရဲ့စွမ်းရည်တိုးတက်လာတာနဲ့အမျှ သင်ကိုယ်တိုင်လည်း ပိုမြင့်တဲ့နေရာတစ်နေရာကို ရောက်လာပါလိမ့်မယ်။ သင့်အရည်အချင်းကိုသိသူတွေက သင့်ကို ပိုမြင့်တဲ့နေရာဆီကို ခေါ်ဆောင်ကြပါလိမ့်မယ်။ အဲဒါကြောင့် ပိုမြင့်တဲ့နေရာကိုရောက်ဖို့ ပိုတော်တဲ့သင်ဖြစ်ဖို့ ခုပဲ သင့်ကိုသင်စိန်ခေါ်လိုက်ပါ။ “Every next level of your life will demand a different you.”-Leonardo DiCaprio ပြောထားတဲ့စကားကို မမေ့လိုက်ပါနဲ့။ ဘဝရဲ့နောက်ထပ်အဆင့်တစ်ခုကို ရောက်ဖို့ အရင်ကသင်နဲ့မတူတဲ့ သင့်ကို လိုအပ်ပါတယ်နော်။

Related content