သင့်ကိုအထင်သေးနှိမ်ချတိုင်း သင်တကယ်နိမ့်ကျသွားပြီလား

Published on September 18, 2025 Reading time: 2 mins Tags: #Confidence #Overcoming Criticism #Personal Growth

လူတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေအတွက်ကတော့ လူတစ်ချို့ရဲ့အားနည်းချက်ကို လှောင်ပြောကဲ့ရဲ့စရာ၊ အထင်သေးနှိမ်ချစရာ အဖြစ်မြင်တတ်ကြပါတယ်။ သင့်ဘဝမှာ အထင်သေးနှိမ်ချခံခဲ့ဖူးသလား။ အဲဒီ့လို အထင်သေးနှိမ်ချခံရတိုင်း သင်ကိုယ်သင်တကယ်နိမ့်ကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား။

တကယ်တော့ မဟုတ်ပါဘူးနော်။ လူတိုင်းမှာ အားသာချက်ရယ်၊ အားနည်းချက်ရယ်လို့ ရှိကြစမြဲပါပဲ။ ကိုယ့်ရဲ့အားနည်းချက်ကို နှိမ်ချပြီး အထင်သေးစွာဆက်ဆံခြင်းကြောင့် ကိုယ်ကပိုပြီးနိမ့်ကျသွားတာမဟုတ်ပါဘူး။ ကိုယ့်ကိုလာပြီးနှိမ့်ချသူတွေကသာ သူတို့ရဲ့အဆင့်အတန်းကိုပြသွားတာပါ။ အားနည်းသူကို ဖိနှိမ်တတ်သူတွေဆိုတဲ့ခေါင်းစဉ်ကို သူတို့ကိုယ်သူတို့တပ်သွားကြတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့စိတ်ထားနဲ့အဆင့်အတန်းကို သိချင်ရင် သူ့ထက်နိမ့်ကျသူကို သူဘယ်လိုဆက်ဆံသလဲဆိုတာကိုသာ ကြည့်ရတာဖြစ်ပါတယ်။ အဲဒီ့အတွက်ကြောင့် သင့်မှာအားနည်းချက်ရှိခဲ့လို့ အထင်သေးနှိမ်ချဆက်ဆံတတ်သူကိုကြုံခဲ့ရတယ်ဆိုရင် အဲလိုပြုမူတတ်ခြင်းသည်သာ ထိုသူရဲ့စိတ်ဓာတ်နဲ့အဆင့်အတန်းကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ သူတို့နှိမ့်ချလို့ သင့်ဘဝတကယ်နိမ့်ကျသွားတာမဟုတ်ပါဘူး။

အဲဒါအပြင် ထိုကဲ့သို့ဆက်ဆံခံရခြင်းကြောင့် အားငယ်ဝမ်းနည်းခြင်းမှာ တဝဲ၀ဲလည်ပြီး ခံစားမဆုံးဖြစ်နေမယ့်အစား သင့်ဘဝကို ဒီထက်ပိုတိုးတက်လာအောင်၊ သင့်အရည်အချင်းတွေ ဒီထက်ပိုတိုးတက်လာအောင် ကြိုးစားပါ။ သင်သည် လူထဲကလူတစ်ယောက်မို့ အားနည်းချက်ရှိတာမှန်ပေမယ့် သင့်မှာ သူတို့ထင်မထားတဲ့စွမ်းရည်တွေရှိတယ်ဆိုတာ အချိန်တန်သူတို့သိလာအောင် ကြိုးစားပြရမှာ သင့်တာဝန်ပါ။

ထိုကဲ့သို့ အထင်သေးနှိမ့်ချတတ်သူတွေအတွက် “သင့်ကိုသင်ပိုတိုးတက်လာအောင်လုပ်ခြင်းက အကောင်းဆုံးလက်စားချေခြင်းတစ်မျိုးပါပဲ။” လို့ ဆော်ဒီအာရေးဘီယားမှ စာရေးဆရာ Ali ibn Abi Talib ကရေးဖူးပါတယ်။ “သင့်ကိုလျစ်လျူမရှုနိုင်တော့အောင် အကောင်းဆုံးဖြစ်ပါစေ” လို့ Steve Martin ကလည်းပြောဖူးပါတယ်။ လောကမှာ နှှိမ်ချခံရဖူးသူသာ အကောင်းဆုံးခွန်အားကိုရနိုင်တာပါ။ နှိမ်ချခံရလေ ရှေ့ဆက်လှမ်းဖို့ ခွန်အားတွေရလေလို့တွေးပါ။ များသောအားဖြင့်က သူတို့အထင်သေးထားသူတွေမှာ သူတို့ထင်မထားလောက်တဲ့စွမ်းရည်တွေရှိနေတယ်ဆိုတာကို သူတို့မေ့နေတတ်ကြပါတယ်။ အဲဒါကို သင်က သက်သေပြလိုက်ပါ။

အဲဒါကြောင့် သင့်အားနည်းချက်ကို လှောင်ပြောင်နှိမ့်ချသူတိုင်းဟာ သင့်ဘဝပိုတိုးတက်လာအောင် တွန်းအားပေးတဲ့သူတွေအဖြစ်သတ်မှတ်ပါ။ သင့်ဘဝကို ဒီထက်ပိုတိုးတက်လာအောင် ကြိုးစားပြလိုက်ပါ။ သူတို့လျစ်လျူမရှုနိုင်တော့တဲ့အထိ အကောင်းဆုံးဖြစ်ပါစေ။ အဲဒါသည် သူတို့အတွက် သင့်ရဲ့အကောင်းဆုံးလက်စားချေခြင်းပါပဲနော်။

Related content