မနက်ခင်းမှာ အလောသုံးဆယ်မဖြစ်စေဖို့ အလွယ်ဆုံးနည်းလမ်းများ
Published on September 19, 2025 Reading time: 2 mins Tags: #Sleep #Health #Daily Life #Time Management
မနက်ခင်းကျ စောစောထရမယ်ဆိုပြီး ညဘက်ကို ညနက်ထိ ဟိုလုပ်ဒီလုပ်နဲ့ အချိန်ကုန်သွားတတ်တဲ့သူတွေရှိတယ်မဟုတ်လား။ တခါတလေ ကိုယ်တွေတောင် ဘာမှထိထိရောက်ရောက်မလုပ်ဖြစ်လိုက်ဘဲ ညနက်သွားတတ်ပြီး မနက်ကျ အိပ်ရာမထနိုင်တော့တာမျိုးရှိတတ်ပါတယ်။ အဲဒါကြောင့် ညကတည်းကနေ စီစဉ်ထားသင့်တာစီစဉ်တာမျိုး၊ မနက်ကျ စောစောအိပ်ရာထနိုင်အောင် လုပ်နိုင်မယ့် အလွယ်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) ညကတည်းက ကြိုတင် ပြင်ဆင်ထားပါ။ မနက်ဖြန် မပါမဖြစ် ယူသွားရမယ့်ပစ္စည်းတွေ၊ ဝတ်မယ့်အဝတ်အစား မီးပူတိုက်ထားတာမျိုး၊ ကြိုတင်ပြင်ဆင်ထားတာမျိုးလုပ်ပါ။ မပါမဖြစ်ယူရမယ့်ပစ္စည်းတွေ အထူးသဖြင့် မျက်မှန်၊ မှတ်စုစာအုပ်၊ အခြားလိုအပ်တာတွေကို လွယ်တဲ့အိတ်ထဲတခါတည်းထည့်ထားပါ။ မနက်ကျမှ မေ့ကျန်တာမျိုးမဖြစ်တော့ဘူးပေါ့။ အဲဒါအပြင် နောက်တစ်နေ့အတွက် လုပ်စရာရှိသမျှကို တခုချင်းစီ ဇယားဆွဲထားပါ။ ၂) မအိပ်ခင် ကိုယ်လက်သန့်စင်ပြီး နွားနို့်တစ်ခွက်သောက်ပါ။ နွားနို့်က သင့်ရဲ့အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့အတွက် မအိပ်ခင် ၂နာရီအလိုမှာ သောက်ထားသင့်ပါတယ်။ တကယ်တမ်း အားလုံးပြင်ဆင်ပြီး အိပ်မယ်ဆိုတဲ့အချိန်ကျမှ မျက်စိကြောင်နေတာမျိုးဖြစ်နေရင် မနက်ကျ အိပ်ရေးဝမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် မအိပ်ခင်နွားနို့တစ်ခွက်လောက်သောက်ထားသင့်ပါတယ်။ ၃) ဖုန်း၊ လက်တော့ ၊ တီဗွီ ပိတ်ထားပါ။ မအိပ်မီ ၂နာရီလောက်အလိုမှာကတည်းက ဖုန်းတွေ လက်တော့၊ တီဗွီတွေကို နားထားသင့်ပါတယ်။ screen ကအလင်းရောင်က သင့်ကို မျက်စိကြောင်စေပါတယ်။ သင်အိပ်စက်ချိန်မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် မအိပ်စက်မီ အားလုံးကိုပိတ်ထားပါ။ ၄) မီးအလင်းရောင်မှိန်ထားပါ။ မီးလင်းနေခြင်းက သင့်ကိုလွယ်လွယ်အိပ်မပျော်စေပါဘူး။ အဲဒါကြောင့် မီးကိုမှိန်မှိန်လေးသာ ထွန်းထားပါ။ စိတ်ထဲမှာ အားလုံးရှင်းနေပါစေ။ ပူပန်စရာတွေကိုမတွေးမိပါစေနဲ့။ ၅) အိပ်ရေး၀၀အိပ်နိုင်အောင် ညနက်တဲ့အထိ မနေပါနဲ့။ တစ်နေ့ကို အိပ်ချိန် ၇နာရီပြည့်ဝစွာအိပ်ရင် လူက မနက်ခင်းမှာ လန်းဆန်းနေပါတယ်။ အိပ်ရေးမဝရင် မနက်ခင်းမှာ စိတ်ကြည်လင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ညနက်တဲ့အထိ ဖုန်းသုံးခြင်း၊ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာကြည့်ခြင်းမျိုးမလုပ်သင့်ပါဘူး။ ဘယ်အချိန် ပုံမှန်အိပ်မလဲဆိုတာမျိုုး ကိုယ့်ကိုကိုယ်သတ်မှတ်သင့်ပါတယ်။ ၆) မနက်စောစောထပါ။ မနက်ကို အလုပ်မသွားခင် ဒါမှမဟုတ် ကျောင်းမသွားခင် ခပ်စောစော အိပ်ရာမှထသင့်ပါတယ်။ ညနက်မှအိပ်ရာဝင်ဖြစ်တဲ့အခါ မနက်ခင်းအိပ်ရာထဖို့အခက်အခဲဖြစ်စေပါတယ်။ အဲဒီ့အခါ အလုပ်ချိန်နီးမှ၊ ကျောင်းချိန်နီးမှ ကပ်ပြီး နိုးတာမျိုးဖြစ်နိုင်ပါတယ်။ ကမန်းကတန်းနဲ့ ဘာကိုမှ စနစ်တကျပြင်ဆင်နိုင်မှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် မနက်ကို အိပ်ရာစောစောထပါ။ ၇) မနက်စာ စားဖြစ်အောင်စားပါ။ မနက်အိပ်ရာစောစောနိုးတဲ့အတွက် မနက်စာကို သတင်းစာလေးဖတ်ရင်း အေးဆေးစားဖို့ အချိန်ရမှာပါ။ အဲဒါအပြင် မနက်စာကိုလည်း အာဟာရဖြစ်အောင် စားနိုင်ပါတယ်။ အလုပ်ချိန်၊ ကျောင်းချိန်နီးမှ အိပ်ရာထခြင်းက အလောသုံးဆယ်ဖြစ်စေပြီး မနက်စာကိုလည်း အေးဆေးစွာ၊ ဗိုက်ပြည့်အောင် စားလိုက်ရမှာမဟုတ်ပါဘူး။ မနက်စာ မစားခြင်းက သင့်ရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်မှုဖြစ်စေပါတယ်။ ဘာပဲပြောပြော အထက်ကဖော်ပြထားတဲ့အချက်လေးတွေက အရမ်းကိုလွယ်ကူတဲ့အချက်လေးတွေပါ။ ထိုအချက်လေးတွေကို လိုက်နာနိုင်ရင်တော့ သေချာတာက မနက်ခင်းမှာ ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို အိတ်တလုံးကောက်လွယ်ပြီး ကမန်းကတန်း ရုံးသွား၊ ကျောင်းသွားတဲ့အဖြစ်ကို ရောက်မှာမဟုတ်တော့ပါဘူးနော်။