လက်ရှိအချိန်ကို အကျိုးရှိစွာအသုံးချပြီး ဖန်တီးပါ
Published on September 22, 2025 Reading time: 2 mins Tags: #Time management #Success #Personal growth
တခုခုလုပ်မယ်လို့ ကြံစည်တိုင်း၊ ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုခု၊ ရည်ရွယ်ချက်တစ်ခုခုနဲ့ ပြုလုပ်ကြတဲ့အခါတိုင်း လူတိုင်းက အဲဒီ့ကပြန်ရလာမယ့် ရလဒ်ကို အကောင်းဖြစ်ဖို့ မျှော်လင့်တတ်ကြပါတယ်။ အဲဒါက ထုံးစံပါပဲ။ စာမေးပွဲတစ်ခုဖြေလိုက်တယ်ဆိုပါစို့…..ဖြေနိုင်တာမဖြေနိုင်တာထက် အောင်တော့အောင်ချင်ကြတာချည်းပါပဲ။ အလုပ်အင်တာဗျူးတစ်ခုဖြေလိုက်တယ်ဆိုပါစို့….. အလုပ်တော့ ခန့်ဖို့ရွေးစေချင်ကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီ့ရလဒ်ကို မျှော်လင့်ပြီး ကြိုတွေးနေမယ့်အစား ခုလက်ရှိ ကိုယ့်ရဲ့ပြင်ဆင်မှုပေါ်သာ အာရုံစိုက်လိုက်မယ်ဆိုရင် ကိုယ်ရလာမယ့် ရလဒ်ကတော့ အညံ့ဆုံးရယ်လို့ ဖြစ်နေမယ်မထင်ပါဘူးနော်။ အဲဒီ့အချက်က အရေးကြီးတဲ့အချက်ပဲဖြစ်ပြီး အတော်များများက အဲဒီ့အချက်ကို မေ့နေတတ်ကြပါတယ်။ ပြောချင်တာက ကိုယ်လုပ်လိုက်တဲ့အရာတိုင်းကို ကိုယ့်ရဲ့အစွမ်းအစအားလုံးသုံးပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပါပဲ။ ဘယ်အလုပ်မဆို ကိုယ်က အကောင်းဆုံးကြိုးစားဖို့၊ အကောင်းဆုံးဖန်တီးဖို့က အရေးကြီးတာပါ။ နောက်မှသာ ထိုကြိုးစားမှုရဲ့ ရလဒ်က ကိုယ်တောင့်တနေစရာမလိုဘဲ လိုက်ပါလာမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ်လုပ်မယ့်အလုပ်ကို အစွမ်းကုနု်အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ လစ်ဟင်းခဲ့ပြီး ရလဒ်ကျမှ အကောင်းဆုံးလိုချင်လို့တော့မရပါဘူးနော်။
“if you try your best, you can always be better” ဆိုတဲ့စကားကိုမမေ့ပါနဲ့။ သင်အကောင်းဆုံးကြိုးစားရင် သင်ကအမြဲတမ်းအကောင်းဆုံးဖြစ်မှာပါပဲ။ အဲဒီလိုမဟုတ်ဘဲ အကောင်းဆုံးကြိုးစားဖို့ လစ်ဟင်းခဲ့ပြီးမှ အကောင်းဆုံးရလဒ်ကိုမျှော်လင့်နေလို့မဖြစ်ပါဘူး။ အဲဒါကြောင့်ပွဲမဝင်ခင်အပြင်က ကျင်းပဆိုတဲ့စကားလိုမျိုး ကိုယ့်အတွက် အကောင်းဆုံး ပြင်ဆင်ပြီး ကြိုးစားဖန်တီးသင့်ပါတယ်။ မအောင်မြင်တဲ့လူတော်တော်များများရဲ့ အဓိက အခြေခံအချက်က အကောင်းဆုံးကိုတော့ မျှော်လင့်တတ်ပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ လက်ရှိအချိန်ကိုအသုံးမချတတ်တာပါပဲ။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း၊ ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့အခြေအနေမှာ ရထားတဲ့အချိန်ကို အကောင်းဆုံးအသုံးချပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားထားရင် ရလာမယ့်အဖြေကလည်း အကောင်းဆုံးပဲဖြစ်နေမှာပါ။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အကောင်းဆုံးရယ်လို့ မဖြစ်လာခဲ့ရင်တောင်မှ ကိုယ့်ရဲ့လက်ရှိ အကောင်းဆုံးထက်မက လုပ်ဖို့ လိုအပ်သေးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်လက်ခံနိုင်ပြီး ထပ်ကြိုးစားဖို့အားတင်း သင်ခန်းစာယူရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ရလဒ်ကောင်းသာလိုချင်စိတ်၊ မျှော်လင့်နေတဲ့စိတ်ကို ဖျောက်ပစ်ပါ။ ခုလက်ရှိအချိန်ကို အလကားမဖြုန်းတီးမိဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ လက်ရှိအချိန်ကို အကျိုးရှိစွာအသုံးချပြီး သင်ဖြစ်ချင်တဲ့ရည်မှန်းချက် ဒါမှမဟုတ် တခုခုအတွက် ရည်မှန်းပြီး အကောင်းဆုံးကို ဖန်တီးပါ။ သင့်ရဲ့အကောင်းဆုံးကြိုးစားမှုပေါ်မူတည်ပြီး အကောင်းဆုံးဆိုတဲ့ရလဒ်ပြန်ရလာပါလိမ့်မယ်။ အကောင်းဆုံးရလဒ်မရသေးဘူးဆိုရင်တော့ သင့်ကြိုးစားမှုက အကောင်းဆုံးမဟုတ်သေးလို့ပါပဲ။ George Bernard Shaw ပြောဖူးတဲ့စကားလိုပါပဲ “Life isn’t about finding yourself. Life is about creating yourself.” ဘဝဆိုတာ သင့်ကိုယ်သင်ရှာဖွေနေတာမဟုတ်ဘဲ သင့်ကိုယ်သင်ဖန်တီးခြင်းသာဖြစ်ပါတယ်။ သင်လည်း သင်ဖြစ်ချင်တာကို အကောင်းဆုံးကြိုးစားမှုနဲ့အတူဖန်တီးရင်း သင့်ဘဝကိုပုံဖော်ပါ။ အဲဒါဆိုရင် သင်ဖြစ်ချင်တာတွေ ဖြစ်လာမှာအသေအချာပါပဲနော်။