သင့်ဘဝရဲ့အဓိပ္ပါယ်က ဘာလဲ

Published on September 22, 2025 Reading time: 1 mins Tags: #Ikigai #Life-meaning #Self-growth #Motivation

သင်လက်ရှိဝင်ငွေ ရပ်တန့်သွားမယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ဒီမေးခွန်းမျိုး သင့်ကိုယ်သင်မေးဖူးပါသလား။ မေးလိုက်တိုင်း ဘယ်လိုခံစားရသလဲ။ လူတိုင်းနီးပါးက ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ်မေးဖို မေ့လျော့နေတတ်ပါတယ်။ နေ့စဉ် စားဖို့ ဝတ်ဖို့ နေထိုင်ဖို့၊ အကြွေးဆပ်ဖို့၊ လိုချင်တာတွေထပ်ဝယ်ဖို့၊ အခြား ဗာဟီရအလုပ်တွေ၊ ပုံမှန်အလုပ်သွားဖို့၊ စသဖြင့် သံသရာလည်နေတာနဲ့တင် အချိန်ကုန်နေကြပါတယ်။ အဲဒီစက်ဝန်းထဲမှာလည်ပတ်နေရင်း၊ အချိန်တွေသာ ကုန်လာတယ်။ ဘဝက ဘာမှမတိုးတက်လာပါဘူး။ အချိန်ကြာလေ အသက်ကြီးလာလေ၊ ထိုသံသရာထဲက ရုန်းမထွက်နိုင်လေဖြစ်ပြီး ဟန်မပျက်နိုင်အောင် ထိန်းရင်းနဲ့သာ ဘဝကို ကုန်ဆုံးသွားတတ်ကြပါတယ်။ ဘဝကိုရေစုန်မျောနေတဲ့သူတွေက ပုံမှန် အစားချောင်၊ အနေချောင်၊ သက်တောင့်သက်သာတဲ့အခြေအနေတစ်ခုမှာပဲ သံသရာလည်ရင်းအချိန်တွေကုန်ဆုံးသွားပါတယ်။ ဘာမှလည်း မတိုးတက်လာသလို၊ အချိန်ကြာလေ ထိုအခြေအနေထဲကနေ မရုန်းထွက်နိုင် အသက်ကြီးလာလေနဲ့ ဘဝကုန်ဆုံးကြရပါတယ်။ ရည်မှန်းချက်တစ်ခုအတွက် ကြိုးစားနေတဲ့သူတွေကျတော့ အဲဒီလို သံသရာထဲမလည်ပတ်နေပါဘူး။ သူတို့အတွက်က နောက်နေ့မနက်ခင်းတိုင်းက သူ့ဘဝအတွက်နေ့သစ်ပါပဲ။ ရည်မှန်းချက်တွေပြည့်ဝအောင် ကြိုးစားမယ်ဆိုတဲ့အတွေးက သူ့ကို နေ့ရက်တိုင်းအဓိပါ္ပယ်ရှိစေပါတယ်။ လဲကျလိုက် ပြန်ထလိုက်နဲ့ သူ့ဘဝကို ရဲဝင့်စွာတိုက်ပွဲဝင်ရင်း အနိုင်ရအောင်တိုက်ချင်စိတ်က သူ့ကို ရှေ့ရောက်အောင် တွန်းပို့စေပါတယ်။ ခုလက်ရှိ သင်က ဘယ်လိုလူအမျိုးအစားထဲမှာ ဘာနေပါသလဲ။ ပထမအောင်မြင်သူအမျိုးအစားလား၊ ဒုတိယသာမန်လူအမျိုးအစားလား။ သင့်ကိုသင်ဆုံးဖြတ်ပါ။ ဒုတိယအမျိုးအစားဖြစ်နေရင်တော့ တကယ်လို့များ ဒီနေ့မှာ သင်လက်ရှိဝင်ငွေရပ်တန့်သွားမယ်ဆိုရင် သင်ဘာဖြစ်သွားမလဲ။ နောက်နေ့အတွက် သင့်မှာ ဘာအစီအစဉ်တွေရှိသလဲ။ ဘယ်လိုရည်မှန်းချက်တွေရှိသလဲ။ သင်ကဘာအတွက်အသက်ရှင်နေတာလဲ။ ဘာဆိုဘာမှ ဖြေစရာမရှိဘူးဆိုရင် သင့်ဘဝက အဓိပါ္ပယ်ရှိတယ်လို့ထင်ရဲ့လား။ ပြင်သစ်လူမျိုးစာရေးဆရာ Molière က “One must eat to live, and not live to eat.” လို့ပြောထားပါတယ်။ ရှင်သန်ဖို့စားသောက်ပါ။ စားသောက်ဖို့အတွက်ပဲ မရှင်သန်ပါနဲ့တဲ့။ ထမင်းစားရုံပဲအသက်ရှင်နေမယ်ဆိုရင် ဘဝက ဘာအဓိပါ္ပယ်ရှိပါ့မလဲ။ လူဖြစ်ခြင်းက ကောင်းမှုမကောင်းမှုခွဲခြားနိုင်ပါတယ်။ တိရိစ္ဆာန်ထက်အသိဉာဏ်ပိုရှိပါတယ်။ တစ်နေ့တစ်နေ့ကို ထမင်းစားဖို့ပဲအသက်ရှင်နေရင် လူဖြစ်ရကျိုးမနပ်နိုင်တော့ပါဘူး။ မနက်ဖြန်အတွက် အားအင်အပြည့်နဲ့နိုးထလာတဲ့ဘဝကသာ ရှင်သန်ရတာအဓိပါ္ပယ်ရှိပါတယ်။ ကိုယ့်ဘဝအတွက် ကိုယ်မှန်းထားတာလေးတွေဖြစ်လာတဲ့အခါ ဘဝကပိုပြီးအဓိပါ္ပယ်ရှိလာပါတယ်။ ကိုယ့်အတွက်အကျိုးရှိရုံမက အခြားသူကိုပါ မျှဝေနိုင်တဲ့အခါ ဘဝက ပိုပြီးရှင်သန်ရကျိုးနပ်လာပါတယ်။ ပီတီက ငွေနဲ့မဝယ်နိုင်တဲ့အတွက် ပီတိရရှိပိုင်ဆိုင်ခြင်းက သင့်ကိုပိုပြီး တန်ဖိုးရှိလာစေပါတယ်။ ပါမောက္ခ စာရေးဆရာ Kevin Kruse က “Life is about making an impact, not making an income.” ဘဝဆိုတာ ဝင်ငွေရှိအောင်လုပ်ရတာမဟုတ်ဘဲ အကျိုးရှိအောင်လုပ်ရတာမျိုးပါတဲ့။ တကယ်မှန်ပါတယ်။ ဘဝတစ်ခုလုံး ငွေချည်းပဲရှာနေပြီး ငွေအတွက်ပဲရှင်သန်နေတယ်ဆိုရင် ငွေကျွန်ပဲဖြစ်သွားမှာပါ။ အကျိုးရှိအောင် ကြိုးစားမယ်၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက် ထပ်ပြီး အကျိုးရှိတာတွေ မျှဝေမယ်၊ ကောင်းမွန်ခြင်းတွေ လက်ဆင့်ကမ်းမယ်ဆိုရင် ဘဝက ပိုပြီးအဓိပါ္ပယ်ရှိမှာပါ။ အဲဒီလိုအဓိပါ္ပယ်ရှိတဲ့ဘဝဖြစ်ဖို့ ဘာလုပ်သင့်သလဲ။

၁) သင်ချစ်တဲ့အရာကဘာလဲဆိုတာစဉ်းစားပါ။ အဲဒီ့အရာနဲ့ပတ်သက်ပြီးရည်မှန်းချက်တစ်ခုသတ်မှတ်ပါ။ ထိုရည်မှန်းချက်အတွက် ရေတိုစီမံကိန်း၊ ရေရှည်စီမံကိန်းချမှတ်ပါ။ ထိုအတိုင်းသင့်ဘဝကို ဖြတ်သန်းပါ။ အရှုံးနဲ့ကြုံလာရင် အနိုင်ပြန်တိုက်ပါ။

၂) သင်ပါရမီပါတဲ့အရာကိုလုပ်ပါ။ အခြားသူတွေက အဲဒီ့အရာနဲ့ပတ်သက်ရင်အများကြီးသင်ယူနေရချိန်မှာ သင်ကတော့ အရိပ်ပြရုံနဲ့အကောင်မြင်နေတာမျိုးပေါ့။ အဲဒါဆိုရင် သင်ပိုပြီးပေါက်မြောက်အောင်မြင်ဖို့နီးစပ်နိုင်ပါတယ်။ အဲဒီ့အရာကို ပိုပြီး လေ့လာလိုက်စားတဲ့အခါသင့်ဘဝအတွက် အခြားသူထက်သာတဲ့စွမ်းရည်တစ်ခုဖြစ်လာနိုင်ပါတယ်။ သင်လည်းတကယ်နှစ်သက်တဲ့အရာဖြစ်ပါစေပေါ့။ အဲဒါဆိုရင် သင့်ဘဝက ရှင်သန်ရအဓိပါ္ပယ်ရှိသလိုခံစားလာရပါလိမ့်မယ်။

၃) အခြားလူတွေလိုအပ်နေတဲ့အရာကိုလုပ်ပါ။ ပြောချင်တာက အခြားသူတွေကဘာကိုလိုချင်နေတာလဲ ဒါမှမဟုတ် မဖြစ်မနေဘာကိုလိုအပ်နေတာလဲ။ အခြားသူကို မထိခိုက်စေဘဲ တကယ်လိုအပ်နေတဲ့အရာမျိုးက သင့်အတွက်လည်း အကျိုးပြန်ရှိနိုင်သလို အခြားသူကိုလည်း အကျိုးရှိစေနိုင်မယ့်အရာမျိုးပေါ့။ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အတွက် သင့်မှာ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတဲ့သဘောမျိုးပါ။

၄) အကျိုးရှိတာကိုလုပ်ပါ။ ကြီးကျယ်အောင်ပြောရရင်တော့ ကမ္ဘာကြီးတစ်ခုလုံးက တကယ်လိုအပ်နေတဲ့အရာ၊ တနည်းအားဖြင့် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ကအကျိုးပြုနိုင်မယ့်အရာမျိုးလုပ်ပါ။ ငွေမရပေမယ့် အခြားသူအကျိုးရှိသွားမယ့်ကူညီမှုမျိုး တနည်းအားဖြင့် ပရဟိတအလုပ်လိုမျိုး ။ ထိုအလုပ်က သင့်မှာ ဝင်ငွေတိုးချင်မှ တိုးပါလိမ့်မယ်။ ဒါပေမယ့် ပီတိတွေခံစားရခြင်းက သင့်ကို ဘဝအဓိပါ္ပယ်ပိုနားလည်လာစေပါတယ်။ ဒီနည်းလမ်းလေးခုက ဂျပန်လူမျိုးတွေရဲ့ ikigai ကိုအခြေခံဖော်ပြထားတာဖြစ်ပါတယ်။ “a reason for being.” ဘဝရှင်သန်ရခြင်းရဲ့အဓိပါ္ပယ်ကို အထက်ပါနည်းလမ်းလေးခုနဲ့ ရှင်သန်ဖို့ ပြောပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အခြေအနေအရဆိုရင် နံပါတ် တစ်နဲ့ နှစ် ဖြစ်တဲ့ ကိုယ်က တကယ်နှစ်သက်တဲ့အလုပ်လည်းဖြစ်မယ်၊ ကိုယ့်မှာ ပါရမီပါတဲ့အရာလည်းဖြစ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ကိုယ်တိုင်တကယ်နှစ်သက်တဲ့အလုပ်က ဘယ်တော့မဆို မပျင်းမရိအလုပ်လုပ်နိုင်မှာဖြစ်ပြီး ကိုယ်ပါရမီပါနေတဲ့အရာကလည်း လေ့လာလေ ပိုပြီးစွမ်းရည်ထက်မြက်လာလေ ဖြစ်လွယ်ပါတယ်။ ကိုယ်တကယ်နှစ်သက်တဲ့အလုပ်ကို အလုပ်လို့မထင်ဘဲ အမြဲတမ်းဆန်းသစ်တီထွင်ဖို့ကြိုးစားနေခြင်းက သင့်ဘဝကို ပိုပြီး အဓိပါ္ပယ်ရှိလာစေလို့ သင့်ဘဝရဲ့အချိန်တွေကိုတောင် ကုန်ဆုံးရမှာနှမြောလာနိုင်ပါတယ်။ အဲဒီ့တော့ ခုလက်ရှိမှာ လူ့ဘဝကိုရရှိပိုင်ဆိုင်ထားပေမယ့် နောင်ဘဝမှာ ဘာဖြစ်မလဲတိကျအောင်ဘယ်သူမှမပြောနိုင်တာမို့ ရရှိထားတဲ့လူ့ဘဝကို အကျိုးရှိစွာအသုံးချပါ။ ကိုယ်လက်နဲ့ ကိုယ်တိုင်အကျိုးရှိတာတွေလုပ်ဆောင်နိုင်နေတုန်း အကျိုးရှိအောင်လုပ်ပါ။ ငွေနောက်ချည်းမလိုက်ပါနဲ့။ ကိုယ့်အိပ်မက်တွေကိုတည်ဆောက်ပါ။ အခြားသူမျာအကျိုးအတွက်လည်း နိုင်သလောက်လုပ်ဆောင်ပေးပါ။ Albert Einstein ပြောတဲ့စကားလို “Try not to become a man of success, but rather try to become a man of value.” အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ထက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့သာ ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Related content