သင်ဒီနေ့ ဆုံးပါးခဲ့ရင် လူတွေ ဘယ်လိုမှတ်မိစေချင်သလဲ။
Published on August 18, 2025 Reading time: 2 mins Tags: #Life #Goals #Inspiration
စာဖတ်သူတွေကောတွေးဖူးရဲ့လား….. “ဒီနေ့သာ သင့်ဘဝရဲ့နောက်ဆုံးနေ့ဖြစ်နေခဲ့မယ်ဆိုရင်….” ဆိုတဲ့အတွေးမျိုးပေါ့။ တွေးကြည့်လိုက်ပါ။ အင်မတန် ကြောက်လန့်စရာကောင်းပါတယ်။ အဲဒါအပြင် ဆက်တွေးရမှာက အဲလိုသာတကယ်ဖြစ်နေခဲ့ရင် “ငါဘာတွေ လုပ်ပြီးပြီလဲ…” ဆိုတာပေါ့။ ဖြစ်ချင်တာတွေ ဘာမှမလုပ်ရသေးပါလား….ဆိုတဲ့အတွေးက ပိုပြီး ကြောက်စရာကောင်းနေမှာပါ။ လူတိုင်းမှာ ဖြစ်ချင်တာလေးတွေ၊ မသေခင်လုပ်ဖြစ်သွားရင်တော်ပါပြီ….ဆိုတဲ့အတွေးလေးတွေနဲ့ တွေးဖူးပြောဖူးကြမှာပါ။ ဒါပေမယ့် ဒီနေ့သာ အသက်ရှင်ဖို့နောက်ဆုံးဖြစ်ခဲ့ရင် အဲဒီ့လို မသေခင်လုပ်ဖြစ်ချင်တာလေးတွေ မလုပ်ရတော့ဘူးဆိုတာမျိုးကြတော့ ဘယ်သူမှ တော်တန်ရုံမတွေးတတ်ကြပါဘူး။ တကယ်တော့ တွေးသင့်ပါတယ်။ အဲလိုတွေးလိုက်မှသာ ကိုယ်ရည်ရွယ်ထားတာလေးတွေ၊ ကိုယ်ဖြစ်ချင်တာလေးတွေလုပ်ဖြစ်ဖို့ တွန်းအားတစ်ခုဖြစ်လာမှာပါ။ “တကယ်လို့များ မနက်ဖြန် ငါသေတော့မယ်ဆိုရင်….ဒီနေ့ လုပ်ချင်တာ ဘာဖြစ်မလဲ” တွေးကြည့်ပါ။ တွေးပြီး ကိုယ်လုပ်ချင်တာလေးတွေကို ချရေးထားပါ။ အရင်ဆုံး လုပ်ချင်တာလေးတွေကို အရင်ဆုံးချရေးထားပါ။ လုပ်ပြီးသွားတိုင်း ခြစ်ပစ်လိုက်ပါ။ မလုပ်ရသေးတာလေးတွေကို ဆက်ပြီးလုပ်နိုင်အောင်ကြိုးစားသွားပါ။ ဘဝမှာ လူတော်တော်များများက အခြေအနေအကြောင်းကြောင်းကြောင့် ဖြစ်ချင်တာထက် ၊ ဖြစ်သင့်တာကို ဦးစားပေးနေကြရတာများပါတယ်။ အဲဒီတော့ သင့်ဘဝတစ်လျှောက်လုံးမှာ ဖြစ်သင့်တာတွေကိုသာ ဦးစားပေးခဲ့ရတယ်ဆိုရင်တော့ ခုချိန်ကစလို့ သင်ဖြစ်ချင်တာကို စပြီး ဦးစားပေးဖို့ အချိန်သင့်ပါပြီ။ အဲလိုမှမဟုတ်ဘူးဆိုရင်လည်း (ဖြစ်သင့်တာတွေလုပ်နေရလို့ မပြီးဆုံးနိုင်သေးပါဘူးဆိုရင်) ဖြစ်သင့်တာကိုလုပ်ရင်း ဖြစ်ချင်တာကိုပါ တွဲပြီးရှေ့ဆက်သွားပါလို့ တိုက်တွန်းချင်ပါတယ်။ အဲလိုမှမဟုတ်ရင်တော့ သင့်ဘဝရဲ့နောက်ဆုံးနေ့ရက်ရောက်သွားတာတောင် သင်က နောင်တတွေနဲ့အတူ သေဆုံးရပါလိမ့်မယ်။ အဲဒါကြောင့် သင့်ဘဝရဲ့နောက်ဆုံးရက်တွေ မရောက်ခင် သင်ဖြစ်ချင်တာကိုလုပ်ဖို့ စတင်စဉ်းစားပါ။ ဥပမာ၊ လူတွေ စိတ်ချမ်းသာအောင် လုပ်ပေးတဲ့ ပရဟိတတွေ လုပ်ချင်တယ်ဆိုရင်လည်း ဖြစ်သင့်တာတွေလုပ်နေတဲ့အချိန်ထဲက အချိန်လေးသပ်သပ်ဖဲ့ထားပြီး လုပ်ဖြစ်အောင်လုပ်လိုက်ပါ။ သင်တစ်ယာက်တည်းအားနဲ့မနိုင်ရင် သင့်ပတ်ဝန်းကျင်၊ သင့်မိတ်ဆွေကို တိုက်တွန်းပြီး အတူစုလုပ်ဖို့ အားပေးတာမျိုးပေါ့။ ဒါမှမဟုတ် သင်က ခရီးတွေထွက်ချင်တယ်၊ ငွေကြေးအဆင်မပြေလို့ မိသားစုစီးပွားရေးအတွက် အလုပ်ကိစ္စတွေနဲ့ ငွေကြေးအတွက်သာ အာရုံစိုက်နေရတယ်ဆိုရင်၊ အလုပ်ကိစ္စတွေထဲကနေမှ ခရီးထွက်ဖို့အတွက် ငွေကြေးသပ်သပ်ပုံမှန်ဖယ်ထားပြီး စုသွားတာမျိုး၊ အလုပ်ကိစ္စတွေထဲကနေမှ အချိန်လေးသပ်သပ်ဖယ်ထားပြီး ခရီးထွက်တာမျိုး လုပ်ကြည့်ပါ။ မလုပ်ဖြစ်ပါဘူးလို့တွေးတာက ဆင်ခြေပါ။ တကယ်တမ်းမရရအောင် အချိန်လေးသပ်သပ်ဖဲ့ပြီး ရအောင်လုပ်ကြည့်ရင်းနဲ့ ဖြစ်လာပါလိမ့်မယ်။ မလုပ်ကြည့်ရင်တော့ ဖြစ်လာတော့မှာမဟုတ်ပါဘူးနော်။ အဲဒါကြောင့် “ဒီနေ့ကသာ သင့်ဘဝရဲ့နောက်ဆုံးနေ့ဖြစ်နေခဲ့ရင်ဘယ်လိုလုပ်မလဲ….” ဆိုတာမျိုး တွေးပါ။ တွေးခြင်းက သင်ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်ဖြစ်လာဖို့ တွန်းအားတစ်ခုဖြစ်လာပါလိမ့်မယ်။ ဖြစ်ချင်တာတွေကို တစ်ခုချင်းစီ ချရေးထားပါ။ ဦးစားပေးအလိုက်ပေါ့။ တစ်ခုချင်းစီ အချိန်ကော ငွေကော နည်းနည်းချင်းစီဖဲ့ပြီး လုပ်သွားကြည့်ပါ။ လုပ်ချင်တာ တစ်ခုလုပ်ပြီသွားတိုင်း သင်ဘယ်လောက်ပျော်ရွှင်သလဲဆိုတာ သင်သိလာပါလိမ့်မယ်။ ဖြစ်သင့်တာတွေအတွက် အချိန်ပေးနေရလို့ ဖြစ်ချင်တာတွေ မလုပ်ဖြစ်ဘူးဆိုတဲ့သူတွေလည်း ဖြစ်သင့်တာတွေလုပ်နေရင်းနဲ့ ဖြစ်ချင်တာလေးတွေပါ အထက်ကဖော်ပြထားသလို တွဲလုပ်ကြည့်ပါ။ မလုပ်ဖြစ်ရင် လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဘဝမှာ ဖြစ်ချင်တာလေးတွေ ဖြစ်အောင်လုပ်ဖြစ်ကြပါစေ။