အစာမကြေ ရင်ပြည့်ရင်ခဲဖြစ်နေရင် ဘာတွေလုပ်ရမလဲ။

Published on August 18, 2025 Reading time: 2 mins Tags: #Indigestion #Health tips #Digestive health

အစာစားပြီးတဲ့အခါ ပြည့်အင့်နေသလိုခံစားရတာမျိုး၊ သင့်ဗိုက်ထဲမှာ သက်တောင့်သက်သာမဖြစ်သလိုခံစားရတာ၊ သင့်အစာအိမ်အထက်ပိုင်းမှာ နာကျင်တာမျိုး၊ ရင်ပူနေတာမျိုး ှ၊ ဗိုက်ထဲမှာ လေတွေပွနေတာမျိုး စတဲ့လက္ခဏာတွေခံစားနေရတယ်ဆိုရင်တော့ သင်အစာမကြေဖြစ်နေပါပြီ။ အဲဒါကို dyspepsia လို့လည်း ခေါ်ပါတယ်။ သင်ဖြစ်နေတဲ့လက္ခဏာတွေပေါ်မူတည်ပြီး ဘယ်လိုကုသမှုမျိုးလုပ်ရမလဲဆိုတာဆုံးဖြတ်ရတာပါ။ သင်စိတ်ဖိစီးနေတဲ့အခါမှာ အထက်မှာ ဖော်ပြထားတဲ့လက္ခဏာတွေက အရမ်းဆိုးဝါးနေတတ်ပါတယ်။ အစာမကြေဖြစ်တဲ့အခါ ရင်ခေါင်းထဲမှာ ပူလောင်နေတာမျိုး ခံစားရတတ်ပါတယ်။ အဲဒါက အစာပြွန်ထဲမှာ အက်ဆစ်တွေထုတ်လွှတ်မှုကြောင့်ဖြစ်ပါတယ်။ အမျိုးသားတွေကော၊ အမျိုးသမီးတွေမှာကော အစာမကြေဖြစ်နိုင်ပါတယ်။ အဲဒါဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါမျိုးပါပဲ။ ဒါပေမယ့် တစ်ချို့တွေမှာတော့ ပိုပြီးဖြစ်လွယ်တတ်ပါတယ်။ ထိုလက္ခဏာတွေ လျော့ပါးသွားအောင်လို့ ကျွန်တော်တို့လုပ်နိုင်တာလေးတွေတော့ရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့အခြေအနေလေးတွေကို ရှောင်ကျဉ်သင့်ပါတယ်။ • အစာစားနေစဉ် အချိုရည်သောက်တာမျိုးကိုရှောင်ပါ။ • ညည့်နက်မှ အစာစားဖြစ်တာမျိုး အတတ်နိုင်ဆုံး ရှောင်ပါ။ • အစာစားပြီးပြီချင်း လဲလျောင်းအနားယူလိုက်တာမျိုး မလုပ်ပါနဲ့။ • အစပ်များတဲ့အစာတွေကို အများအပြားစားခြင်းကို ရှောင်ပါ။ • ဆေးလိပ်၊ အရက်ဖြတ်ပါ။ အကောင်းဆုံးကတော့ ထိုကဲ့သို့အစာမကြေခြင်းကိုဖြစ်စေတဲ့အစားအစာတွေနဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ပါပဲ။ အောက်ကအချက်လေးတွေကို အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်ပါလိမ့်မယ်။ • အစာကို နည်းနည်းနဲ့ ခဏခဏစားခြင်းက အစာကြေစေပါတယ်။ အစာစားပြီးပြီးခြင်း ပြင်းထန်တဲ့အလုပ်တွေမလုပ်မိပါစေနဲ့။ • အစာကို ဖြေးညင်းစွာ ဝါးစားပါ။ • အက်ဆစ်ဓာတ်များတဲ့အစာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ အထူးသဖြင့် လိမ္မော်သီးနဲ့ ရှောက်သီးအမျိုးအစားတွေနဲ့ ခရမ်းချဉ်သီးတွေ။ • ကဖင်းပါတဲ့အစားအစာတွေနဲ့ သောက်စရာတွေကို ရှောင်ပါ။ • စိတ်ဖိစီးမှုက အဓိကပါ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နည်းလမ်း၊ ဒါမှမဟုတ်ပြေလျော့စေမယ့်နည်းလမ်းတွေ လုပ်ကြည့်ပါ။ • သင်ကဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ကိုဖြတ်လိုက်ပါ၊ ဒါမှမဟုတ် အစာစားပြီးတိုင်း ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်က သင့်ရဲ့အစာအိမ်ကို ဒုက္ခပေးနိုင်ပါတယ်။ • အရက်ဖြတ်ပါ။ • အရမ်းကြပ်တဲ့အဝတ်အထည်တွေ မဝတ်ပါနဲ့။ အဲဒါတွေက သင့်ရဲ့အစာအိမ်ကို ဖိထားသလိုဖြစ်စေပါတယ်။ အစာတွေကို အစာပြွန်ထဲပို့ဖို့ အခက်အခဲဖြစ်စေပါတယ်။ • အစာစားပြီးချိန်မှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ အစာစားပြီးချိန်မှ တစ်နာရီခန့်ခွာပြီးမှ လုပ်သင့်ပါတယ်။ • အစာစားပြီးပြီးချင်း မလဲလျောင်းပါနဲ့။ • မအိပ်ခင် အနည်းဆုံး ၃နာရီခန့်စောပြီး အစာစားထားပါ။ • သင့်ရဲ့ခေါင်းနဲ့ ရင်ခေါင်းကို မြှင့်တင်ထားတဲ့အိပ်ရာမျိုး ပြင်ဆင်သင့်ပါတယ်။ ဒီလို အလွယ်ကူဆုံးနည်းလမ်းတွေနဲ့ လုပ်ကြည့်ခြင်းက သင့်ရဲ့အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်မယ်ထင်ပါတယ်။ ရှောင်ကျဉ်သင့်တဲ့အချက်တွေကို ရှောင်ကျဉ်ဖို့ လိုက်နာကြည့်ပြီး သက်သာအောင် လုပ်နိုင်ပါတယ်။ ဒီထက်အခြေအနေဆိုးဝါးနေပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကို ပြသင့်ပါတယ်။ https://www.webmd.com/heartburn-gerd/indigestion#2 လင့်မှ ဘာသာပြန်ဖော်ပြထားပါတယ်။

No related content found.