ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့က ဘာကြောင့်အရေးကြီးတာလဲ

Published on September 19, 2025 Reading time: 1 mins Tags: #Personal development #Self-investment #Growth mindset

ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင်ကြိုးစားခြင်းဆိုတာက မိမိကိုယ်တွင်းမှာပဲ မိမိကိုယ်ကို ရင်းနှီးမြုပ်နှံခြင်းဖြစ်ပါတယ်။ “The more you learn the more you earn” များများသင်ယူခြင်းက များများရင်းနှီးမြုပ်နှံခြင်းပါပဲလို့ warren buffett က ပြောဖူးပါတယ်။ အဲဒါကြောင့် များများသင်ယူပြီး သင့်ကိုသင်ထံမှာ ရင်းနှီးမြုပ်နှံလေလေ သင့်အရည်အချင်းတွေတိုးတက်လေလေပါ။ ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်လာတဲ့လူတစ်ယောက်ရဲ့ဘဝကလည်း တိုးတက်လာမယ်ဆိုတာ အသေအချာပါပဲ။ ကိုယ်တိုင်ဘာအရည်အချင်းမှမရှိဘဲ အလကားနေရင်း အချောင်ရပြီး ကိုယ့်ဘဝကြီးတိုးတက်သွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်လာခဲ့လျှင်လည်း အချိန်ကြာကြာမတည်တံ့နိုင်ပါဘူးနော်။ အများကြီးသင်ယူထားတဲ့လူတစ်ယောက်က အများကြီးပိုင်ဆိုင်ထားတာပါပဲ။ တနည်းအားဖြင့် ကိုယ်ပိုင်အရည်အချင်းထက်မြက်သူတစ်ယောက်က မကုန်နိုင်သော စည်းစိမ်တွေကို ပိုင်ဆိုင်ထားတဲ့သူပါပဲနော်။ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုက သင့်ကိုသင်ထံမှာ ရင်းနှီးမြုပ်နှံခြင်းပါပဲနော်။ သင့်ရဲ့ကိုယ်ပိုင်အရည်အချင်းဆိုတာက ဘယ်သူမှလာခိုးယူလို့မရနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်ပိုင်အရည်အချင်းတိုးတက်အောင်ကြိုးစားသင့်ပါတယ်။

ကိုယ်ပိုင်အရည်အချင်းတိုးတက်အောင် ကြိုးစားနေတဲ့လူတစ်ယောက်က သူကိုယ်တိုင်စိတ်ဆန္ဒပြင်းပြစွာဖြစ်ချင်နေတာတွေ၊ ဖြစ်ရမယ်လို့ ရည်မှန်းထားတာတွေရှိနေတဲ့အတွက်ကြောင့် အမြဲလိုလို တက်ကြွဖြတ်လတ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ သူလုပ်ကိုင်သမျှတွေက အခြားသူကခိုင်းနေ၊ ညွှန်ကြားနေလို့ လုပ်ကိုင်နေတာမျိုးမဟုတ်ဘဲ သူကိုယ်တိုင်ကဖြစ်ချင်စိတ်နဲ့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ပါ။ ကိုယ်ပိုင်အရည်အချင်းတိုးတက်နေတဲ့လူတစ်ယောက်က အခွင့်အလမ်းကောင်းတွေဖြစ်လာတာကို ထိုင်စောင့်နေတာထက် ထိုအခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ဒါမှမဟုတ် အခွင့်အလမ်းတွေရလာခဲ့ရင်လည်း ကိုယ်ပိုင်အရည်အချင်းနဲ့ စွမ်းဆောင်နိုင်သူဖြစ်လာပါတယ်။ ကိုယ်ပိုင်အရည်အချင်းရှိတဲ့သူတစ်ယောက်က ဘယ်လောက်ပဲ ဆင်းရဲနိမ့်ကျတဲ့မိသားစုကမွေးဖွားလာတာဖြစ်ပါစေ ဘယ်နေရာရောက်ရောက် ပွဲလယ်တင့်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်အရည်အချင်းပြည့်ဝအောင်ကြိုးစားတဲ့သူက များစွာသော အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ ကိုယ့်ရဲ့ပင်ကိုအသိစိတ်ထဲကကို တိုးတက်ချင်တဲ့စိတ်၊ အရည်အချင်းရှိချင်တဲ့စိတ်ကြောင့် သင့်ကိုသင်တွန်းအားဖြစ်လာစေပါတယ်။ အဲဒီလိုတိုးတက်ချင်တဲ့လူတစ်ယောက်အတွက် ကိုယ့်ဘဝတိုးတက်ဖို့ ကောင်းသောအရည်အချင်းတွေကို သင်ယူရမယ်ဆိုတဲ့စိတ်လေးဖြစ်လာတဲ့အခါ ကိုယ့်အတွက် ကောင်းသောအရာတွေသင်ယူဖို့ တွန်းအားတစ်ခုဖြစ်လာပါတယ်။ အဲဒီ့တွန်းအားကြောင့် သင်က comfort zone ထဲက ရုန်းထွက်ဖို့ စတင်ကြိုးစားလာပါလိမ့်မယ်။ အဲဒီ့တော့ သင့်အတွက် မကောင်းဘူးလား။

အဲဒီ့လို comfort zone ထဲက ရုန်းထွက်ဖို့ ကြိုးစားခြင်းကြောင့် သင့်ရဲ့စွမ်းရည်တွေ ပိုပြီးတိုးတက်လာစေပါတယ်။ သင့်မှာ ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေ များလာတဲ့အခါ သင့်ကိုသင်ပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။ လူအများကြားမှာ မျက်စိသူငယ်နားသူငယ်မဖြစ်တော့ဘဲ ပိုပြီး ပြောရဲဆိုရဲရှိလာပါတယ်။ ကိုယ်သိထားတာတွေများလာတဲ့အခါ ကိုယ့်ရဲ့စကားကလည်း အခြားသူများထက်ကို ပိုပြီးတန်ဖိုးရှိလာပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ပိုပြီးယုံကြည်မှုတိုးလာပါတယ်။

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့လူတစ်ယောက်က ဘယ်အရာမဆို အကောင်းဆုံးလုပ်ဆောင်နိုင်လာပါတယ်။ အဓိကက ဖြစ်အောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့စိတ်ကနေမှတဆင့် တကယ်ဖြစ်အောင် လုပ်ဆောင်လာတာပါ။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းက အောင်မြင်အောင်လုပ်ဆောင်နိုင်ခြင်းရဲ့အခြေခံပါပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့အခါ ဘယ်အရာမဆို ဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့စိတ်ဖြစ်လာမယ်။ ဖြစ်လာတဲ့စိတ်အတိုင်း ရဲဝင့်စွာလုပ်ဆောင်လာပါလိမ့်မယ်။ တစ်ခါနဲ့မဖြစ်မြောက်တဲ့အခါ အခါခါဇွဲမလျော့ဘဲ ကြိုးစားနိုင်ပါတယ်။ အဲဒီ့ကနေ တဆင့် ပြီးဆုံးအောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ပန်းတိုင်တွေ အများကြီးဖြစ်မြောက်လာနိုင်ပါတယ်။ အဲဒီ့အတွက် ကိုယ်ပိုင်အရည်အချင်းတိုးတက်အောင် ကြိုးစားဖို့က ဘဝအတွက်အများကြီး အရေးပါပါတယ်။ ဘဝကိုလည်း အကောင်းမြင်စိတ်တွေဖြစ်လာစေပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း တိုးစေပါတယ်။ အခွင့်အလမ်းတွေကိုစောင့်နေတာထက် ကိုယ်တိုင်ဖန်တီးကြိုးစားရယူနိုင်စွမ်းရှိလာပါတယ်။

“Investing in yourself is the best investment you will ever make. It will not only improve your life, it will improve the lives of all those around you.” စာရေးဆရာ Robin Sharma ပြောခဲ့တဲ့စကားက မှတ်သားစရာကောင်းပါတယ်။ သင့်ကိုသင်ရင်းနှီးမြုပ်နှံခြင်းက အကောင်းဆုံးသောရင်းနှီးမြုပ်နှံခြင်းပါပဲ။ အဲဒါက သင့်ဘဝကို တိုးတက်စေရုံမက သင့်ပတ်ဝန်းကျင်က လူတွေရဲ့ဘဝကိုလည်း တိုးတက်လာစေနိုင်ပါတယ်တဲ့။ သင့်ဘဝတိုးတက်လာတဲ့နောက်တော့ သင့်ပတ်ဝန်းကျင်ကဘဝတွေကိုလည်း သင်တိုးတက်အောင်စွမ်းဆောင်လာနိုင်ပါလိမ့်မယ်နော်။

အဲဒါကြောင့် ကိုယ်ပိုင်အရည်အချင်းနဲ့ပြည့်ဝအောင် အချိန်ရှိခိုက် လုံ့လစိုက်ထုတ်ပြီး ကြိုးစားသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

Related content