ဘဝကိုလက်လျှော့အရှုံးပေးချင်နေလျှင် ဘာတွေလုပ်ရမလဲ

Published on September 4, 2025 Reading time: 2 mins Tags: #Life lessons #Self-help #Motivation

၁) ကိုယ့်ကိုကိုယ်အားပေးပါ။

လောကမှာ သင့်ကိုသင်ဆွဲချနိုင်တာလဲ သင်ကိုယ်တိုင်ပါပဲ။ အမြင့်ဆုံးရောက်အောင် တွန်းပို့နိုင်တာလည်း သင်ကိုယ်တိုင်ပါပဲ။ အဲဒီတော့ ဘဝကိုလက်လျှော့အရှုံးပေးချင်လာတဲ့အခါ ဘယ်သူကမှ လာပြီးအားပေးတာကို မျှော်လင့်မနေပါနဲ့။ လောကမှာ လူတိုင်းက သူ့အပူနဲ့သူအနည်းအများ ရှိကြတာချည်းပါ။ ကိုယ့်ကိုကိုယ် ပြန်အားပေးမှသာ သင်ကိုတကယ်ပြန်ဆွဲတင်နိုင်မှာပါ။ “ငါလုပ်နိုင်ပါတယ်…..” ဆိုတဲ့စကားကို သင်ကိုယ်တိုင်ပြန်ကြားနိုင်အောင် ရေရွတ်ကြည့်ပါ။ အားပြန်တက်လာသလို ခံစားရပါလိမ့်မယ်။

၂)အရှုံးမပေးနိုင်ဘူးလို့ ပြန်တွေးပါ။

တကယ်တမ်းအရှုံးပေးနိုင်လား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ အရှုံးပေးလိုက်တဲ့နောက်ဘာတွေဆက်ဖြစ်လာမလဲ…..ကိုယ့်အတွက်အနာချည်းပါပဲနော်။ အတွေးနဲ့တင် ခံစားချက်က တော်တော်ဆိုးဝါးပါတယ်။ အရှုံးပေးလိုက်ပြီလို့ တွေးမှသာ တကယ်ရှုံးသွားတာပါ။ အခုက ရှုံးသွားပြီလို့ သင်ထင်နေတာပါ။ အရှုံးမပေးသေးသရွေ့ သင်အနိုင်ရနိုင်ပါသေးတယ်။ “ငါဘာလို့အရှုံးပေးရမှာလဲ…ငါအနိုင်ယူနိုင်ပါတယ်” လို့ထပ်ခါထပ်ခါတွေးပါ။ ကိုယ့်ကိုကိုယ်ကြားအောင် ထပ်ခါထပ်ခါပြောကြည့်ပါ။ အရှုံးချင်လာတိုင်း ထိုကဲ့သို့ ရေရွတ်နေပါနော်။

၃) အရှုံးမပေးနိင်ရင် ဘာဆက်လုပ်သင့်မလဲတွေးပါ။

အရှုံးမပေးချင်တဲ့နောက်တော့ အနိုင်ပြန်ရအောင်လုပ်မယ့်နည်းလမ်းတွေ တစ်ခုပြီးတစ်ခုစဉ်းစားပါ။ အရှုံးပေးချင်တဲ့အာရုံတွေ ပြောင်းသွားတာပေါ့။ ဘယ်လိုအနိုင်ရအောင်လုပ်မလဲ…..ဆိုတာကိုသာ တွေးနေပါ။ အကြံရတာနဲ့ ထိုအတွေးအတိုင်းသာ ချက်ချင်းထလုပ်ပစ်လိုက်ပါ။

၄) အခက်အခဲကို အောင်မြင်မှုဆီသွားမယ့် လမ်းကြောင်းလို့်မှတ်ပါ။

လူတိုင်းအခက်အခဲပေါင်းစုံရှိကြတာပဲလို့တွေးပါ။ လောကမှာ အခက်အခဲမရှိတဲ့သူဆိုတာ မရှိပါဘူး။ အနည်းအများပဲကွာတာပါ။ အဲဒီ့တော့ ခုသင်ကြုံနေရတာတွေကလည်း လူတိုင်းကြုံနေကျအခက်အခဲမျိုးစုံတွေထဲက တစ်ခုပါပဲ။ ပြီးတော့ ခုကြုံနေရတဲ့အခက်အခဲတွေထက် တစ်ချို့သူတွေဆိုရင် ပိုကြီးမားတဲ့အခက်အခဲတွေတောင် ကြုံနေရပါသေးတယ်။ ကိုယ့်ထက်ပိုပြီးအခက်အခဲကြီးမားစွာကြုံနေတဲ့သူတွေကို ရှာပါ။ သူတို့နေရာမှာသာ ကိုယ်ဆိုရင် ဘယ်လိုလုပ်မလဲတွေးပါ။ ကိုယ်ကြုံတွေ့နေရတာက သူတို့ထက်စာရင် အများကြီးတော်ပါသေးတယ်လို့ တွေးပါ။ အဲဒီ့တော့ သင့်အခက်အခဲကို သင်ဖြေရှင်းနိုင်ပါသေးတယ်။

၅) အကောင်းဘက်တွေးနိုင်သမျှ တွေးပေးပါ။

“ငါတော့ ကျရှုံးသွားပါပြီ….” လို့တွေးတာက ကိုယ့်ကိုကိုယ်ပိုပြီး စိတ်ဆင်းရဲအောင်ဆွဲချနေပါလိမ့်မယ်။ “တစ်ခါကျရှုံးတော့ ဘာဖြစ်သေးလဲ၊ နောက်တစ်ခါ ကြိုးစားတာပေါ့” လို့ တွေးတတ်အောင်တွေးပါ။ အမှားတွေ အရှုံးတွေထဲက သင်ခန်းစာယူတတ်အောင် ယူပါ။ အဲဒါကသာ အရှုံးတစ်ခါကြုံရလေ သင်ခန်းစာတစ်ခါတိုးလေမို့ သင့်ဘဝကို ပိုပြီး အတွေ့အကြုံများပြီး ရင့်ကျက်လာစေမှာပါ။

၆) တရားထိုင်ပါ။ စာဖတ်ပါ။

စိတ်တည်ငြိမ်သွားစေမယ့် တစ်ခုခုကိုလုပ်လိုက်ပါ။ တရားထိုင်ခြင်းကလည်း စိတ်ကိုငြိမ်စေပါတယ်။ စာဖတ်တာမျိုး၊ ကိုယ်စိတ်ပါဝင်စားတဲ့အရာတစ်ခုခုကို လုပ်နေတာမျိုးက စိတ်ကိုတည်ငြိမ်သွားစေတဲ့အတွက် အခြားမကောင်းသော အတွေးတွေမဝင်စေနိုင်တော့ပါဘူး။ အဲဒီ့အခါကျမှ ကိုယ့်ကိုကိုယ် ပြန်တွေးပြီး ပြန်သုံးသပ်နိုင်မှာပါ။

၇) ပန်းတိုင်အသေးလေးတွေချမှတ်တာက ပန်းတိုင်အကြီးကြီးဆီ သွားနိုင်မှာပါ။

ဒီတစ်ခါတော့ ကျရှုံးခဲ့ရတယ်။ နောက်တစ်ခါမကျရှုံးဖို့ အသေးစားပန်းတိုင်လေးတွေအရင်ချရေးသတ်မှတ်ပါ။ ပန်းတိုင်အသေးလေးတွေ တဆင့်ပြီးတဆင့်တည်ဆောက်သွားတာက သင့်ကိုသင်ပိုပြီး ယုံကြည်မှုရလာမှာဖြစ်သလို ပန်းတိုင်အကြီးကြီးဆီရောက်ဖို့ ခွန်အားတွေဖြစ်လာမှာပါ။

၈) ကျရှုံးမှုတွေကြုံလာတိုင်း သင့်ကိုသင်အသုံးမကျသူတစ်ယောက်လို့မတွေးပါနဲ့။

ကျရှုံးမှုနဲ့ အောင်မြင်မှု နှစ်ခုပဲရှိတဲ့နောက်တော့ သင်ကျရှုံးမှုကြုံလာရတာဘာဆန်းသေးလဲ။ ကျရှုံးမှုမကြုံရတော့ရင် အောင်မြင်မှုနဲ့ကြုံလာရမှာပဲလေ။ ကျရှုံးမှုကြုံလာရတာက အောင်မြင်မှုရလာဖို့အတွက် ခွန်အားပါ။ ကျရှုံးဖူးမှ အောင်မြင်မှုကို ပိုပြီးလိုချင်လာမှာလေ။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲတွေးပါ။ ကျရှုံးရတာက အောင်မြင်ဖို့အတွက်ပဲမို့ ကျရှုံးရတာနဲ့တန်အောင် ပြန်ကြိုးစားလိုက်ပေါ့။ ဘယ်လောက်ပဲရှုံးရှုံးအရေးမကြီးဘူး သင်တကယ်အရှုံးမပေးဖို့ကသာ တကယ်အရေးကြီးတာပါ။

Related content