အာရုံစူးစိုက်နိုင်အောင်ဘယ်လိုလုပ်မလဲ။

Published on September 7, 2025 Reading time: 1 mins Tags: #Focus #Productivity tips #Mindfulness

အလုပ်တွေအရမ်းများလို့ အာရုံမစိုက်နိုင်တော့တာမျိုး၊ ကျောင်းစာတွေအရမ်းများလို့ ဟိုစာကျက်ရမလို၊ ဒီစာလုပ်ရမလိုနဲ့ တကယ်လုပ်ကြည့်တော့လည်း ဘယ်စာကိုမှ သေချာအာရုံမစိုက်နိုင်တာမျိုး ဖြစ်ဖူးကြမှာပါ။ အဲဒီ့အခါမှာ အာရုံစူးစိုက်နိုင်အောင် ဘယ်လိုလုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁) သင့်စိတ်ရှုပ်ထွေးစေမယ့်အရာတွေ၊ သင့်အလုပ်လုပ်မယ့်နေရာဝန်းကျင်မှာ မရှိပါစေနဲ့။

ဗြုတ်စဗျင်းတောင်း ရှုပ်ပွနေခြင်းက သင့်ရဲ့ဦးနှောက်ကို သက်ရောက်မှုရှိစေပါတယ်။ ရှုပ်ပွခြင်းက ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း ရှုပ်ပွသလို၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း ရှုပ်ထွေးစေပါတယ်။

၂) အစီအစဉ်ဆွဲထားပါ။

မနက်ပိုင်းမှာ ဒီနေ့ဘာလုပ်မယ်ဆိုပြီး အစီအစဉ်လေးတွေ ချမှတ်ထားပါ။ အရေးကြီးဆုံးအလုပ်က ဘယ်ဟာ၊ ထိုအလုပ်ကို အရင်လုပ်ဖို့ အစီအစဉ်ဆွဲခြင်းက အရေးအကြီးဆုံးအလုပ်ပြီးသွားတဲ့အခါ သင့်ရဲ့စိတ်ရှုပ်ထွေးမှုတွေ သက်သာစေတာပေါ့။ ဒါပေမယ့် အရေးအကြီးဆုံးအလုပ်ကို ညနေမှလုပ်ဖို့ စီစဉ်မိရင်တော့ မနက်ကနေ ညနေထိ သင်အဲဒါတွေပဲတွေးနေတော့မှာပါ။ သင်လုပ်နေတဲ့အလုပ်ကိုလည်း သင်သေချာအာရုံစိုက်နိုင်တော့မှာ မဟုတ်ပါဘူး။

၃) အလုပ်လုပ်နေစဉ်အတွင်း အနှောင့်အယှက်ဖြစ်မယ့်အရာတွေကိုရှောင်ရှားပါ။

နည်းပညာတွေက သင်အလုပ်ကောင်းကောင်းလုပ်လို့မရအောင် ဒုက္ခပေးတဲ့အရာထဲမှာပါပါတယ်။ သင့်အလုပ်စားပွဲမှာ ဖုန်းကိုထားမိရင် အီးမေးစစ်တာမျိုး၊ လူမှုကွန်ရက်အသုံးပြုမိတာမျိုးက သင့်ကို အလုပ်ထဲအာရုံမစိုက်နိုင်အောင် နှောင့်ယှက်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကို သင်မမြင်နိုင်တဲ့နေရာမှာထားတာမျိုးလုပ်ပါ။ ဒါမှမဟုတ်ရင်လည်း notifications ကို ပိတ်ထားတာမျိုးလုပ်ထားပါ။ အလုပ်ကနေ တခြားအာရုံပြောင်းစေမယ့်အရာတွေကို အနီးနားမှာမထားပါနဲ့။

၄) အိပ်ရေး၀၀အိပ်ပါ။

အိပ်ရေးပျက်ခြင်းကလည်း အောက်ဆီဂျင်ရရှိနိုင်မှု နည်းပါးစေတဲ့အတွက် သင့်ကိုပင်ပန်းစေနိုင်ပါတယ်။ အဲဒါကြောင့်အာရုံစူးစိုက်မှုကို လျော့နည်းစေနိုင်ပါတယ်။ အဲဒါက သင့်ရဲ့အာရုံစူးစိုက်မှုကို ခက်ခဲစေတဲ့အတွက် ဖန်တီးနိုင်စွမ်းလည်း လျော့ကျစေနိုင်ပါတယ်။

၅) ရံဖန်ရံခါ လှုပ်ရှားမှုလုပ်ပေးပါ။

ဦးနှောက်နဲ့ လေ့ကျင့်ခန်းလှုပ်ရှားမှုက ဦးနှောက်လုပ်ဆောင်ချက်တွေအတွက် ဆက်သွယ်နေတယ်လို့ Dr. John Ratey က ရေးသားဖော်ပြခဲ့ပါတယ်။ လေ့ကျင့်ခန်းကို ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း ကြောင့် ခန္ဓာကိုယ်နဲ့ ဦးနှောက်ထဲအောက်ဆီဂျင်ရောက်စေပြီး အာရုံစူးစိုက်မှု့ကို တိုးစေပါတယ်။

၆) တရားထိုင်ပါ။

တစ်ရက်မှာ မိနစ်အနည်းငယ် တရားထိုင်ခြင်းက အာရုံစူးစိုက်မှုကို တိုးတက်စေနိုင်တယ်ဆိုတာကို လေ့လာသူတွေက တွေ့ရှိခဲ့ကြပါတယ်။ သင်ကခုမှ စတင်ပြီး တရားထိုင်မယ်ဆိုရင် တစ်နေ့ကို ၂မိနစ် ၊ ၃မိနစ်ကနေ ၅မိနစ်ထိ တရားထိုင်နိုင်ပါတယ်။

၇) မှတ်ဉာဏ်တိုးစေတဲ့အစားအစာတွေ စားပေးပါ။

အစားအစာတွေမှာ အံအားသင့်စရာကောင်းတဲ့ အကျိုးသက်ရောက်မှုတွေရှိပါတယ်။ သင့်ရဲ့ အာရုံဝင်စားမှု၊ စွမ်းအင်တိုးစေခြင်း၊ စိတ်ကြည်လင်စေခြင်း၊ ဦးနှောက်လေးလံထိုင်းမှိုင်းခြင်း စတာတွေကို အကျိုးသက်ရောက်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ အာရုံမစူးစိုက်နိုင်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတို့ဖြစ်ပေါ်နေတယ်ဆိုရင်တော့ သကြားများတဲ့အစာတွေနဲ့ အသင့်စားအစာတွေကို ရှောင်သင့်ပါတယ်။ ဦးနှောက်အတွက်ကောင်းစေတဲ့ ဘယ်ရီသီးတွေ၊ ကြက်ဥတွေ၊ အဆီများငါး ဆော်လမွန်၊ ထောပတ်သီး၊ အနက်ရောင်ချောကလက်စတဲ့အစားအစာတွေ စားပေးသင့်ပါတယ်။

၈) Pomodoro နည်းလမ်းကိုသုံးပါ။

ထိုနည်းလမ်းက ပုံမှန်လုပ်ငန်းစဉ်တွေကို အာရုံစိုက်မှုကောင်းအောင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ အလုပ်မှာ ပြဿနာတွေကို ဖြေရှင်းဖို့၊ အာရုံစူးစိုက်ဖို့၊ လေ့လာဖို့ အတွက် ထိုနည်းစနစ်က အသုံးဝင်ပါတယ်။ သင့်ရဲ့ timer ကို ၂၅မိနစ်တစ်ခါ ပေးထားပါ။ အချိန်မပြည့်မချင်းအလုပ်ကို အာရုံစိုက်ပါ။ ထိုအချိန်အတွင်းမှာ ထိုအလုပ်ကို အာရုံပြောင်းစေမယ့်အခြားအလုပ်ကို မလုပ်မိပါစေနဲ့။ ဥပမာ။ မေးလ်စစ်တာမျိုး၊ မနေ့က သင်တွေးနေတဲ့အရာတစ်ခုခုကို ပြန်အစဖော်တာမျိုး။ ၂၅မိနစ်ပြည့်တဲ့အခါ ၅မိနစ်ခန့် အနားယူပါ။

ပြီးတာနဲ့ ၂၅မိနစ် timer ကိုပြန်စပါ။ ၂၅မိနစ်တခါပြီးတိုင်း ၅မိနစ်အနားယူပါ။ အချိန်ကြာကြာအာရုံမစိုက်နိုင်သူတွေအတွက် ဒီနည်းလမ်းက အသုံးဝင်စေမှာပါ။ သင့်ကို အလုပ်မြန်မြန်ပြီးမြောက်စေဖို့ အာရုံစူးစိုက်မှုကောင်းစေတဲ့အခြားနည်းလမ်းတွေလည်း ရှိအုံးမှာပါ။ သင်နဲ့အဆင်ပြေတဲ့နည်းလမ်းတွေရှိရင်လည်း မှတ်ထားပြီး လုပ်ကြည့်နိုင်ပါတယ်။

Related content