ဘယ်လိုခွင့်လွှတ်မလဲ

Published on September 22, 2025 Reading time: 2 mins Tags: #Forgiveness #Mindfulness #Well-being

ခွင့်လွှတ်ပေးလိုက်ပါ….ဆိုတဲ့စကားက သင်ကြားဖူးနေကျ စကားဖြစ်မှာပါ။ ဘာသာတရားအရလည်း ခွင့်လွှတ်ခြင်းက အေးချမ်းပါတယ်ဆိုတာမျိုး ကြားဖူးမှာပါ။ ဟုတ်ပြီ…အဲဒါဆိုရင် ခွင့်လွှတ်ခြင်းက တကယ်ကော အေးချမ်းရဲ့လား။ မှန်ရဲ့လား။ တကယ်မှန်ပါတယ်။ ခွင့်လွှတ်ပေးတတ်တဲ့သူတွေက ပိုပြီး ကျန်းမာသလို၊ ပိုပြီးလည်း ပျော်ရွှင်နိုင်ကြပါတယ်။ University of California မှ လေ့လာချက်အရ နာကျင်စရာအဖြစ်အပျက်တွေနဲ့ရင်ဆိုင်ရတဲ့သူတွေမှာ သွေးဖိအားတိုးလာခြင်း၊ အကြိမ်ပေါင်းများစွာ ထိုအဖြစ်အပျက်တွေကို ထပ်ခါထပ်ခါခံစားနေတဲ့အခါ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ချေများပါတယ်။ ခွင့်လွှတ်ခြင်းက ရွေးချယ်မှုတစ်ခုသာဖြစ်ပါတယ်။ ဒေါသထွက်လာတဲ့အခါ အဆင့်ငါးဆင့်ရှိပါတယ်။ ၁) မမျှတဘူးလို့ သင်ခံစားရမယ် ၂) သင့်ဒေါသကိုဖော်ပြမယ် ၃) အမှားပြုလုပ်တယ်လို့ထင်တဲ့လူကို သင်လတ်တလောမှာ မှတ်ထားမိလိုက်ပါမယ်။ ၄) သင့်ရဲ့နာကျင်မှုတွေချက်ချင်းမပျောက်ပျက်နိုင်ဘဲ နာကျင်နေကြောင်း သင့်ကိုသင်လက်ခံပါလိမ့်မယ်။ ၅) ထိုအတွေ့အကြုံနာကျင်မှုထဲကနေ အဓိပါ္ပယ်ရော၊ သင်ခန်းစာရော ရအောင်ယူပြီး ပြန်လည်တည်ဆောက်ပါ။ ထိုအဆင့်ငါးဆင့်ထိ ဖြတ်သန်းပြီးတဲ့အခါမှာတော့ သင်ရွေးချယ်ရမှာပါ။ ဆက်ပြီး နာကျင်မလား၊ ဒေါသဖြစ်မလား၊ စိတ်ဒုက္ခအရောက်ခံအုံးမလား၊ ကိုယ့်ကိုကိုယ်အေးချမ်းအောင်နေမလားပေါ့။ ခွင့်လွှတ်တယ်ဆိုတာက လူတိုင်းအတွက် မဖြစ်နိုင်ပါဘူး။ ပုံမှန်အားဖြင့်ကတော့ ခွင့်လွှတ်ခြင်းက ကျွန်တော်တို့အတွက် ကောင်းမွန်စေပါတယ်။ လူကောင်းတွေက ခွင့်လွှတ်တတ်ကြတယ်ပေါ့။ ဒါပေမယ့် လူတော်တော်များများကတော့ အတွေးအခေါ်မတူကြပါဘူ။ တကယ်တော့ ခွင့်လွှတ်တယ်ဆိုတာ တဖက်ကတွေးမယ်ဆိုရင် သင့်ကိုသင် အေးချမ်းစေတာပါ။ မခွင့်လွှတ်နိုင်သရွေ့ သင်ပဲပူလောင်နေမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလိုခွင့်လွှတ်ပါ။ ၁) သင့်စိတ်ထဲရှုပ်နေတာတွေကို ထားပစ်ခဲ့ပါ။ စိတ်ရှု့ပ်စရာတွေကို မသယ်ဘဲရှေ့ဆက်သွားမယ်လို့ ဆုံးဖြတ်ပါ။ ၂) သင့်ကိုသင်မေးပါ။ နာကျင်မှုတွေကို ထပ်ခါထပ်ခါ ခံစားနေရမယ်ဆိုရင် အသံထွက်ပြီး ကိုယ့်ကိုကိုယ်သတိပေးပါ။ “ဒီနာကျင်မှုမှန်သမျှကို ဒီနေ့ဒီနေရာမှာတင်ရပ်တန့်ပစ်လိုက်ပြီ” လို့ ကိုယ့်ကိုကိုယ်သတိပေးလိုက်ပါ။ ၃) အားလုံးက သင့်ကြောင့်မဟုတ်ပါဘူး။ မှားတဲ့သူကသာ မှားမှန်းသိလာတဲ့အခါ ရှက်ရွံ့မှုကို ခံစားရပါလိမ့်မယ်။ ၄) ဒီထက် နာကျင်နေရမယ့်နာကျင်မှုကနေ သင့်ကိုသင်ကာကွယ်ပါ။ သင့်ကိုသင်ပြန်မေးပါ။ ဘယ်လိုဆက်ဆံရေးမျိုးက သင့်ကိုထိခိုက်စေသလဲ၊ ဘယ်သူတွေကိုတော့ ဘယ်လိုမျိုးပဲ ဆက်ဆံသင့်သလဲဆိုတာ သင်ပဲအသိဆုံးဖြစ်မှာပါ။ သင့်ကို ထိခိုက်နာကျင်စေတဲ့သူတွေနဲ့ ဆက်ဆံရေးကို ဖြတ်တောက်သင့်တယ်ထင်ရင် ပြတ်သားစွာ ဖြတ်တောက်ပစ်ရမှာပါပဲ။ သင့်ကိုချစ်ခင်ပြီး သင့်ကို ပျော်ရွှင်စေချင်တဲ့လူမျိုးတွေနဲ့ သင့်ပတ်ဝန်းကျင်မှာ ဝန်းရံဖို့ကလည်း သင့်စိတ်ပျေ်ာရွှင်ဖို့အတွက် အရေးကြီးပါတယ်။ ၅) မှတ်ထားပါ။ သင်စိတ်ချမ်းသာခြင်းက သင်ကိုယ်တိုင်ပဲလုပ်ယူနိုင်ပါတယ်။ သင့်ကို အလကား စိတ်ဒုက္ခပေးသူတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ဒေါသတွေထွက်လေလေ ထပ်ခါထပ်ခါနာကျင်လေလေနဲ့ သင်ပဲ အစက ပြန်ခံစားနေရတာမဟုတ်လား။ အဲဒါကြောင့် သင်မမှားဘဲ သင်မခံစားပါနဲ့တော့။ မှားတဲ့သူက မှားမှန်းသိလာတဲ့တစ်နေ့ ရှက်ရွံ့လာပါလိမ့်မယ်။ နာကျင်ရသမျှကို ခေါင်းထဲက ထုတ်ပစ်ပါ။ ပြန်တွေးမိရင်တောင် မတွေးဖို့သတိထားပါ။ လုပ်စရာရှိတာဆက်လုပ်ပါ။ သင့်ကိုသင် အေးချမ်းအောင် နေခြင်းက သင်စိတ်ချမ်းသာခြင်းပါပဲ။ အဲဒါကြောင့် သင်စိတ်ချမ်းသာစေဖို့အတွက် အရင်ဆုံး သင့်ကိုစိတ်ဒုက္ခပေးသူတွေကို အထက်က အဆင့်၅ဆင့်အတိုင်းတွေးပြီး ခွင့်လွှတ်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

Related content