ဘဝအခက်အခဲများကြား ပျော်ရွှင်နေရန်နည်းလမ်းများ

Published on August 11, 2025 Reading time: 2 mins Tags: #Happiness #Inspiration #Life Lessons #Mental Health #Self-Improvement #Positive Thinking #Resilience

ဘဝဆိုတာတိုက်ပွဲ…..ဆိုတဲ့စကားကို လူတိုင်းလိုလိုကြားဖူးကြမယ်ထင်ပါတယ်။ သဘောကတော့ ဘဝဆိုတာ အမြဲအခက်အခဲတွေ၊ ပြိုင်ဆိုင်မှုတွေ၊ တိုက်ခိုက်ရမှာတွေများတယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ အဲဒါက ထုံးစံပါပဲ။ မွေးကတည်းက ငိုခြင်းနဲ့စပြီးမွေးလာတဲ့ဘဝမဟုတ်ပါလား။ ဒါပေမယ့် ဘဝကြီးကဆိုးလိုက်တာ…..လို့ ညည်းပြီး အမြဲ ငိုကြွေးနေလို့တော့ တစ်သက်လုံးပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ဘဝက ဆိုးတယ်ဆိုတာ မွေးကတည်းက ငိုလာခဲ့ရလို့ ထုံးစံပါပဲ။ ထုံးစံမဟုတ်တာကတော့ ပျော်ရွှင်အောင်နေတတ်ဖို့ပါပဲ။ “ဆိုးစမ်း ဘယ်လောက်ဆိုးတဲ့ဘဝဖြစ်မလဲ…….၊ ငါကတော့ ပျော်ပျော်နေပြမယ်ဟဲ့” လို့များတွေးဖူးလား။ မတွေးဖူးရင်ခုပဲတွေးကြည့်လိုက်ပါနော်။ တွေးပြီးပြီဆိုရင်တော့ ဘယ်လိုပျော်အောင်နေနိုင်မလဲ ပြောပြပေးပါ့မယ်။

၁) ပျော်အောင်နေမယ်ဆိုတဲ့စိတ်ကိုထားပါ။ မတတ်သာတဲ့အခက်အခဲ၊ အကြပ်အတည်းတွေ၊ ကံဆိုးမှုတွေကြုံလာတဲ့အခါ စိတ်ညစ်ရမှာထုံးစံပါပဲ။ တခါတလေကျတော့ ကိုယ်မဖြစ်ချင်တာတွေတန်းစီဖြစ်တတ်တာကို ဘဝလို့ခေါ်တာပဲလေ။ အဲဒီတော့ ပျော်အောင်နေမှ ပျော်မှာပါ။ ငါ့ကျမှဆိုးလိုက်လေခြင်းလို့တော့မတွေးမိပါစေနဲ့။ သင့်လိုပဲ သင့်စိတ်ညစ်နေတဲ့အချိန် လောကကြီးမှာ သင်နဲ့အတူတူစိတ်ညစ်နေတဲ့သူတွေအများကြီးရှိပါတယ်။ သင်မသိလို့ပါ။ စိတ်ညစ်စရာရှိတာ စိတ်ညစ်ပါ။ အချိန်အကြာကြီးတော့ပိုက်ထားမနေပါနဲ့။ ပျော်အောင်နေမယ်ကွာ…..ဆိုပြီးတွေးလိုက်၊ သင့်ကိုယ်သင်ပြောလိုက်ပါ။ နည်းနည်းတော့ ပေါ့ပါးသွားမှာပါ။

၂) အသည်းကွဲသီချင်းတွေ မဆိုပါနဲ့။ ပြောချင်တာက စိတ်ညစ်နေတဲ့အချိန်မှာ စိတ်ညစ်စေတဲ့သီချင်းတွေမဆိုဖို့၊ နားမထောင်ဖို့ပါ။ သီချင်းနားထောင်လိုက်တာနဲ့ သီချင်းထဲကအဆိုတော်က ကိုယ့်ကိုခွန်အားတွေပြန်ပေးနေသလို ခံစားရတဲ့သီချင်းမျိုးကို နားထောင်ပါ။ ခွန်အားဖြစ်တဲ့သီချင်းမျိုး၊ ပျော်ရွှင်စေတဲ့သီချင်းမျိုးကိုနားထောင်တာအကောင်းဆုံးပါ။ ကိုယ်ပါသီချင်းထဲမှာ လိုက်ခံစားရင်း ခဏတော့ စိတ်ညစ်သမျှ မေ့သွားမှာပါ။

၃) ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ ရယ်မောနေပါ။ ကိုယ်ကစိတ်ညစ်နေပေမယ့် ကိုယ့်ကိုချစ်ခင်တဲ့သူတွေနဲ့ကျတော့ ရယ်မော၊ စနောက်နေလို့ရပါသေးတယ်။ သူတို့ကို အပျော်သဘောမျိုး စနောက်ပျော်ရွှင်ပါ။ သင်လည်းပျော်ရွှင်ရသလို၊ သူတို့လည်းပျော်သွားမှာပါ။

၄) ရင်ဖွင့်ပါ။ ကိုယ့်အတွက်ချစ်ခင်သူတွေ၊ ကိုယ်အကြောင်းအမြဲသိနေသူတွေကို ကိုယ်မခံစားနိုင်တာတွေရင်ဖွင့်ပါ။ ရင်ထဲမှာ တအုံနွေးနွေးနဲ့ စိတ်ညစ်မှုတွေကို ပိုက်ထားမနေပါနဲ့။ စိတ်ညစ်မှုဆိုတာမျိုးက လူတိုင်းတွေ့ကြုံရမှာပါပဲ။ စိတ်ညစ်မှုကို ကြာရှည်ပိုက်ထားတဲ့သူက ကြာကြာစိတ်ညစ်ရမှာပါပဲ။ အဲဒီ့တော့ ရင်းနှီးတဲ့သူကို ရင်ဖွင့်ပြောပြလိုက်ပါ။

၅) ရယ်မောစရာကို လိုက်ရှာပါ။ ရယ်စရာကို တမင်ကို ရှာကြည့်ပြီး ရယ်မောပါ။ တစ်ချို့လူတွေက စိတ်ညစ်တယ်ချည်း ထိုင်ညည်နေတတ်ကြပါတယ်။ စိတ်ညစ်မှုကိုဘယ်လိုပျောက်အောင်လုပ်မလဲတော့ မတွေးကြပါဘူး။ အဖြေကရှင်းပါတယ်၊ စိတ်ညစ်ရင် ပျော်စရာကိုလိုက်ရှာပြီး ရယ်မောပစ်လိုက်ပါ။

၆) ကိုယ့်ကို အပြစ်တင်တတ်သူတွေကို မေ့ထားပါ။ ကိုယ့်ကိုချစ်တဲ့သူက အကောင်းမြင်တာပဲတဲ့။ မုန်းတဲ့သူကတော့ အဆိုးမြင်တာပါပဲ။ အဲဒီ့တော့ ကိုယ့်ကိုမုန်းလို့အပြစ်လိုက်တင်နေတဲ့သူတွေရဲ့ စကားကိုလိုက်နားထောင်နေရင် သင့်ရဲ့နေ့ရက်တိုင်းက စိတ်ညစ်နေရမှာပါ။ ကိုယ့်ကိုချစ်တဲ့သူတွေကိုသာ အာရုံစိုက်ပါ။ သူတို့ကောင်းစေချင်လို့ပြောတာတွေကိုသာ အာရုံစိုက်ပါ။ ကိုယ့်ကိုမချစ်တဲ့သူတွေကို မေ့ထားလိုက်ပါ။

၇) စိတ်ညစ်မှုကိုလက်မခံဖို့ တွေးပါ။ ကိုယ့်ဟာကိုယ်အမြဲသတိပေးပါ။ စိတ်ညစ်မှုကို ကြာရှည်လက်ခံထားရင် ကြာရှည်စိတ်ညစ်ရမှာပါပဲ။ အဲဒါကြောင့် စိတ်ညစ်မှုကို ကြာရှည်လက်မခံဘူးဆိုတာ ကိုယ့်ကိုကိုယ်အမြဲသတိပေးပါ။ ဒါပေမယ့် သတိထားရမှာက ပျော်ချင်တာနဲ့ တကယ့်စိတ်ထဲကပျော်ရွှင်မှုမဟုတ်ဘဲ ပျော်တယ်လို့ထင်ရတာမျိုးတွေကိုတော့ မလုပ်မိအောင် ရှောင်ပါ။ ဥပမာ။ စိတ်ကြွဆေးသုံးတာ၊ အရက်သောက်တာမျိုးတွေပေါ့။

အားလုံးပဲ အပျော်စစ်နဲ့ပျော်တတ်ကြပါစေနော်။

Related content