လည်ချောင်းနာခြင်းအတွက် အိမ်တွင်းကုထုံးများ
Published on September 19, 2025 Reading time: 2 mins Tags: #Throat Infection #Natural Remedies #Health Tips
လည်ချောင်းနာခြင်းက ခံရခက်တဲ့ရောဂါတစ်မျိုးပါပဲ။ လည်ချောင်းထဲမှာ မြိုလိုက်ရင် နာမယ်၊ ခြောက်သွေ့နေမယ်၊ ပူစပ်ပူလောင်ခံစားနေရမယ်စသဖြင့်ပေါ့။ သက်တောင့်သက်သာမရှိတဲ့ခံစားချက်ကို အစာစားခြင်းနဲ့ ရေသောက်သုံးခြင်းတွေမှာ ခံစားနေရမှာပါ။ စကားလည်းကောင်းကောင်းမပြောနိုင်တော့ပါဘူး။ အသံလည်း မထွက်တော့သလိုပါပဲ။ လည်ချောင်းနာခြင်းက ဘက်တီးရီးယား ဒါမှမဟုတ် မှိုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်က ဓာတ်မတည့်တဲ့တုံ့ပြန်မှုတစ်ခုခုကြောင့်လည်း လည်ချောင်းနာခြင်းဖြစ်နိုင်ပါတယ်။ လည်ချောင်းနာခြင်းကို သက်သာစေနိုင်တဲ့အိမ်တွင်းဆေးဝါးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) ရေနွေးပူ ရေနွေးသောက်ခြင်းက လည်ချောင်းနာတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ Chamomile tea သောက်ခြင်းကလည်း အကျိုးရှိပါတယ်။ Chamomile tea ထဲကို ဂျင်းထည့်သောက်ခြင်းကလည်း သင့်ရဲ့လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။
၂) ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ Allicin ဆိုတဲ့ကွန်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ဘက်တီးရီးယားတွေကို သတ်ပေးနိုင်ပြီး ပိုးသေစေတဲ့သတ္တိရှိပါတယ်။ လည်ချောင်းနာခြင်းအတွက် ကောင်းမွန်ပါတယ်။ ကြက်သွန်ဖြူက အနံပြင်းပေးမယ့် အစွမ်းထက်တဲ့အိမ်သုံးဆေးဝါးတစ်မျိုးဖြစ်ပါတယ်။
၃) ရေနွေးငွေ့ရှုခြင်း ရေနွေးငွေ့ရှုခြင်းက လည်ချောင်းနာခြင်းကို အမြန်ဆုံးသက်သာစေနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ရေနွေးငွေ့က သင့်လည်ချောင်းနဲ့ အသက်ရှုလမ်းကြောင်းအထက်ပိုင်းကို စိုစွတ်စေပါတယ်။ ချွဲသလိပ်တေထွက်လာစေဖို့ ကူညီပေးတဲ့အတွက် ဘက်တီးရီးယားတွေကိုဖယ်ရှားပေးပါတယ်။ နာကျင်မှုနဲ့ သက်တောင့်သက်သာမရှိခြင်းကို သက်သာစေပါတယ်။ ရေနွေးငွေ့ရှုခြင်းကို တစ်နေ့လျှင် သုံးလေးကြိမ်လောက်လုပ်ပေးခြင်းက သင့်လည်ချောင်းမှာ ကူးစက်တတ်တဲ့ရောဂါပိုးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၄) ဆားရည်ဖြင့် ပလုပ်ကျင်းခြင်း ဆားရည်ဖြင့် ပလုပ်ကျင်းခြင်းက လည်ချောင်းနာခြင်းကို သက်သာစေတဲ့သဘာဝနည်းလမ်းဖြစ်ပါတယ်။ ဆားလက်ဖက်ဇွန်းတစ်ဇွန်းကို ရေဖန်ခွက်ထဲထည့်ပြီး ဖျော်ကာ ပလုပ်ကျင်းပါ။ ရေနွေးလေးဖြစ်ရင်ပိုကောင်းပါတယ်။
၅) Apple Cedar Vinegar Apple Cedar Vinegar က အခြေအနေအမျိုးမျိုးအတွက် ကုသပေးနိုင်တဲ့အိမ်သုံးဆေးတစ်မျိုးပါပဲ။ Apple Cedar Vinegarကို နည်းလမ်း၂မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ အနာသက်သာစေဖို့နဲ့ လည်ချောင်းနာခြင်းကို ကုသဖို့သုံးနိုင်ပါတယ်။ ပျားရည်တစ်ဇွန်းနဲ့ Apple Cedar Vinegar 50ml ခန့်ကို ရေနွေးနဲ့ ရောသမမွှေလိုက်ပါ။ ထိုဖျော်ရည်ကို ဖြေးဖြေးချင်းသောက်ပါ။ ပျားရည်ကော Apple Cedar Vinegarနှစ်မျိုးလုံးက နာကျင်မှုကိုသက်သာစေပါတယ်။ တစ်နေ့မှာ သုံးလေးကြိမ်သောက်နိုင်ပါတယ်။ တကယ်လို့ သင်က မသောက်ချင်ဘူးဆိုရင်လည်း Apple cider vinegar ကိုရေနွေးလေးနဲ့ ရောမွှေပြီး ပလုပ်ကျင်းပေးနိုင်ပါတယ်။ နှစ်နာရီခြားတစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။
၆) လုံလောက်စွာအနားယူပါ။ ပင်ပန်းစွာအလုပ်လုပ်ခြင်းကလည်း မောပန်းခြင်းနဲ့ ခုခံအားကျဆင်းစေပါတယ်။ ဘယ်လိုကူးစက်မှုမျိုးမဆို စတင်ခါစ အဆင့်မှာ လုံလောက်စွာအနားယူသင့်ပါတယ်။ ဒါပေမယ့် အနားမယူဘဲ လျစ်လျူရှုပြီး ပင်ပန်းစွာအလုပ်လုပ်နေအုံးမယ်ဆိုရင် ကူးစက်မှုကိုပိုပြီး ပြန့်နှံဆိုးဝါးလာနိုင်ပါတယ်။ လည်ချောင်းနာခြင်းက အနားမယူဘဲနေရင် ပိုပြီးဆိုးဝါးပါတယ်။ အိပ်ရေး၀၀အိပ်ပါ။ လုံလောက်တဲ့အနားယူမှုပြုပါ။ အိမ်မှာနားနေလိုက်ပါ။
၇) အရည်ပိုသောက်ပါ။ အနားမယူခြင်းနဲ့ အလားတူပါပဲ။ ရေလုံလောက်စွာမသောက်ခြင်းကလည်း ခုခံအားကို ပိုပြီး ကျဆင်းစေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာမရခြင်းက ကူးစက်ပိုးတွေကို ပိုပြီး ပြန့်နှံ့စေပါတယ်။ သင့်လည်ချောင်းနာခြင်းကို သက်သာစေချင်ရင်တော့ ရေများများသောက်သင့်ပါတယ်။ တစ်နေ့ကို ရေ ၈ဖန်ခွက် ဒါမှမဟတု် ၁၀ခွက်လောက်ထိ သောက်သင့်ပါတယ်။ အသီးတွေနဲ့ အရည်တွေစားသုံးပေးခြင်းက အရည်ရယူမှုပိုများစေပါတယ်။ အချိုရည်တွေနဲ့ အရက်ဘီယာသောက်သုံးခြင်းက ခန္ဓာကိုယ်ကို အရည်ဓာတ်ပြည့်ဝစေတာမဟုတ်ပါဘူး။ သင့်ရဲ့လည်ပင်းနာခြင်းကိုပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။ https://www.homeremediesforall.com/natural-remedies/7-home-remedies-for-throat-infections.html လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။