အချေခံရတဲ့အခါ…

Published on September 22, 2025 Reading time: 2 mins Tags: #Emotions #Self-esteem #Personal-growth

အချေခံဖူးကြသလား။ တကယ့်ကို စိတ်ထဲမှာအောင့်သက်သက်နဲ့ ခံစားဖူးမှာပါ။ အချေခံရတယ်ဆိုတာက ကိုယ့်ကို အထင်သေးစွာ ဆက်ဆံလိုက်တာ၊ ကိုယ့်နဲ့အဆင့်မတူသလို၊ မတူမတန်သလိုမျိုး မဆက်ဆံချင်တဲ့ပုံစံမျိုးပြုမူလိုက်တာ၊ ကိုယ့်ကိုဆို အဖက်မလုပ်တာဆိုတဲ့ ဆက်ဆံမှုပုံစံတစ်မျိုးပါပဲ။ တနည်းအားဖြင့် အတင်စီးခံလိုက်ရတာ၊ အထင်သေးနှိမ့်ချဆက်ဆံခံလိုက်ရတာမျိုးပါ။ ရှော့ပင်းထွက်ဖို့ သွားတဲ့အခါ ကိုယ့်ပုံစံကိုကြည့်ပြီး မဝယ်နိုင်တဲ့သူလို့ ဆက်ဆံခံလိုက်ရတာ၊ ကိုယ်နားလည်တတ်ကျွမ်းတဲ့အရာတစ်ခုကို ကိုယ့်လောက်မသိနားမလည်ဘဲ ဆရာကြီးပုံစံနဲ့ ကိုယ့်ကိုကြောသွားတာ၊ တကယ်တမ်း ကိုယ်က သူ့ထက်အဆပေါင်းများစွာ သာပေမယ့် သူကိုယ့်သူသာတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပြုမူဆက်ဆံသွားတာမျိုးကို တော်တော်များများခံစားဖူးကြမယ်ထင်ပါတယ်။ တချို့လူတွေက လူတစ်ယောက်ရဲ့အပေါ်ယံသွင်ပြင်၊ ဂုဏ်ပကာသန၊ ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းတွေကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အဆင့်အတန်းကိုခွဲခြားတတ်ကြပါတယ်။ အဲဒီ့အခါမှာ ပြုမူလိုက်တဲ့သူအတွက်ကတော့ မသိသာပေမယ့် ခံလိုက်ရတဲ့တဖက်လူရဲ့ခံစားချက်ကတော့ မကောင်းနိုင်ပါဘူး။ အဲဒါကြောင့် အချေခံရတဲ့အခါ အောက်ကအချက်လေးတွေကို သတိရလိုက်ပါ။ ၁) မသိချင်ယောင်ဆောင်နေလိုက်ပါ။ သူ့ရဲ့ကိုယ့်အပေါ် ချေလိုက်ခြင်းဟာ ကိုယ့်အတွက် ဘယ်လိုမှ မသက်ရောက်ဘူးဆိုတာကို ပြရမှာဖြစ်ပါတယ်။ အဲဒီ့အတွက်အကောင်းဆုံးက မသိချင်ယောင်ဆောင်နေလိုက်ပါ။ တကယ်လည်း ဘာကိုမှ ရင်ထဲထည့်ပြီးမခံစားပါနဲ့။ ဘယ်အရာကိုမဆို အမြင်အာရုံထဲက မြင်ရတဲ့ရုပ်ဝတ္ထုနဲ့ပိုင်းခြားတတ်သူတွေက တကယ့်တန်ဖိုးအစစ်အမှန်ကို မြင်နိုင်စွမ်းအားနည်းပါတယ်။ အဲဒါကြောင့်မသိချင်ယောင်ဆောင်နေလိုက်ခြင်းက သင့်ကိုပါ အေးဆေးတည်ငြိမ်မှုပေးပါတယ်။ သင်လည်း ဒေါသတကြီးမပေါက်ကွဲမိတော့ဘူးပေါ့။ ဒေါသဆိုတာမျိုးက ဖွင့်ထုတ်မိရင် ပိုပြီး အဆမတန်ပေါက်ကွဲသွားတတ်ပါတယ်။ အဲဒါကြောင် ရင်ထဲမထည့်ဘဲ အေးဆေးမသိချင်ယောင်ဆောင်နေလိုက်ပါ။ ၂) ပြုံးပြုံးလေးနေလိုက်ပါ။ တုံ့ပြန်မှု့က ကိုယ့်ရဲ့အဆင့်အတန်းကိုဖော်ပြနေတာဖြစ်ပါတယ်။ သူတို့ရဲ့တဖက်သားအကြောင်းသေချာမသိဘဲ ချေမိုးလိုက်ခြင်းက သူတို့ရဲ့အဆင့်အတန်းပါပဲ။ အဲဒီ့တော့ သူတို့အဆင့်အတန်းနဲ့တူအောင် ကိုယ့်ကိုယ်ကိုယ်အောက်ကိုမဆွဲချလိုက်ပါနဲ့။ ကိုယ်က အဆိုးဘက်ကတုံ့ပြန်လိုက်မိတဲ့အခါ ကိုယ့်ရဲ့အဆိုးတုံ့ပြန်မှု့ ကိုယ့်အပေါ်ပဲအရင်ဆုံးသက်ရောက်စေမှာဖြစ်ပါတယ်။ အဲဒါကို နားလည်ပါ။ အဲဒါကြောင့် ပြုံးပြုံးလေးပဲနေလိုက်ပါ။ အကောင်းဆုံးတုံ့ပြန်ခြင်းက ဘာမှမတုံ့ပြန်ခြင်းပါပဲ။ ၃) မခံစားပါနဲ့။ များသောအားဖြင့် ကိုယ့်က ခံရသူဆိုရင် မတုံ့ပြန်လိုက်ရမချင်း စိတ်ထဲမှာ တအုံနွေးနွေးဖြစ်နေတတ်ပါတယ်။ အဲဒါက သင့်ကိုသာ ထိခိုက်စေတာပါ။ သင်စိတ်တိုမယ်၊ ဒေါသထွက်မယ်၊ တခုခုပြန်လုပ်ချင်မယ် ၊ မလုပ်လိုက်ရတဲ့အတွက် ဘာကိုပေါက်ကွဲရမယ်မှန်းမသိဖြစ်နေမှာပါ။ အဲလိုမျိုးဖြစ်ရင် ကိုယ့်ကိုယ်ကိုယ်သတိပြန်ပေးပါ ။ သူတို့က ချေပြီး ပြီးသွားလို့ မေ့နေလောက်ပြီ။ ကိုယ့်ကိုယ်ကိုယ်ရောဂါမပေးပါနဲ့လို့သာ သတိပေးပါ။ ၄) အငုံစိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာကိုကြည့်ပြီးဆုံးဖြတ်တတ်သူတွေက သူတို့မသိစိတ်ထဲက အငုံစိတ်ကြောင့်ဖြစ်နိုင်ပါတယ်။ သင်က သူတို့ထက်သာနေတယ်လို့မသိစိတ်ထဲက ခံစားနေရတဲ့အခါ သူတို့က သင့်ကို အထင်ကြီးအားကျသလိုမျိုး ပြုမူရမှာကိုလည်း အောက်ကျတယ်လို့တွေးမိနေတာ တနည်းအားဖြင့် မနာလိုစိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်သာ အပြင်ပန်းမှာ သင်က သူတို့ထက် နိမ့်ကျနေတယ်၊ အထင်သေးတယ်ဆိုတဲ့ပုံစံမျိုး ပြုမူပြတာဖြစ်နိုင်ပါတယ်။ အဲဒီလို သင်အချေခံရတဲ့အခါ “ကိုယ်က သူ့ထက်သာနေလို့” လည်းဖြစ်နိုင်တယ်လို့ ပြန်တွေးလိုက်ပါ။ သင်စိတ်ထဲရှင်းသွားပါလိမ့်မယ်။ အချေခံရခြင်းက သင့်ကို သူတို့တစ်ခုခုမနာလိုနေတာလည်းဖြစ်နိုင်သလို၊ သင့်မှာရှိတဲ့အားသာချက်တွေကို သူတို့က လိုချင်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သူတို့က ချေလေ သင်က သူတို့မချေနိုင်တော့တဲ့အထိ ဖြစ်အောင် ကြိုးစားပြလိုက်ပါနော်။

Related content