သင့်အလေ့အကျင့်တွေက သင့်ရဲ့အနာဂတ်ပါ
Published on September 23, 2025 Reading time: 1 mins Tags: #Habits #Future #Discipline #Finance #Motivation
အလေ့အကျင့်ဆိုတာက အထူးအဆန်းတော့မဟုတ်ပါဘူး။ နေ့တိုင်းကိုယ်ပြုမူနေကျ အပြုအမူကနေ အလေ့အကျင့်ဖြစ်လာတာပါပဲ။ အလေ့အကျင့်ကောင်းတွေစုလာတဲ့အခါ အကျင့်ကောင်းတွေများတဲ့လူဖြစ်လာပါတယ်။ “You don’t decide your future, you decide your habits and your habits decide your future” သင်ရဲ့အနာဂတ်ကိုသင်မဆုံးဖြတ်နိုင်ဘူးမှန်ပါတယ်။ သင့်ရဲ့အကျင့်တွေကိုတော့ သင်ဆုံးဖြတ်နိုင်ပါတယ်။ အကျင့်ကောင်းတွေဖြစ်အောင်ကျင့်ယူမလား၊ အကျင့်ဆိုးတွေကို မပြုပြင်ဘဲရှေ့ဆက်သွားမလားပေါ့။ သင်ဆုံးဖြတ်နိုင်ပါတယ်။ သင့်ရဲ့အလေ့အကျင့်တွေကနေ သင့်အနာဂတ်ကိုဖန်တီးပေးတာပါတဲ့။ တကယ်မှန်ပါတယ်နော်။ အကျင့်ကောင်းတဲ့လူတစ်ယောက်က အခြားလူထက် ပိုပြီးတိုးတက်ဖို့အခွင့်အလမ်းများလာတာပေါ့။ ဥပမာ။ မနက်တိုင်း အိပ်ရာစောစောထတတ်တဲ့အကျင့်ရှိတဲ့သူက ရုံး၊ ကျောင်း၊ သင်တန်းကို စောစောသွားနိုင်မယ်၊ စိတ်ကြည်လင်နေတဲ့အတွက် လေ့လာသင်ယူမှုပိုကောင်းမယ်၊ ပိုပြီး ထက်မြက်လာမယ်။ နေ့တိုင်းစာဖတ်နေကျအကျင့်ရှိတဲ့သူက အချိန်မရလို့စာမဖတ်ဘူးဆိုတာ မရှိတော့ဘဲ စာဖတ်ဖြစ်လာမယ်၊ စာဖတ်များလာတဲ့အခါ ဗဟုသုတနဲ့ကြွယ်ဝမယ်၊ အခြားသူထက် ခေါင်းတစ်လုံးပိုသာမယ်။စဉ်းစားဆင်ခြင်ဉာဏ်သာမယ်။ ငွေကို တစ်လနည်းနည်းစုကျင့်ရှိတဲ့သူက နှစ်ချီလာတဲ့အခါ မသိမသာနဲ့ ငွေကြေးများစွာစုဆောင်းမိလာမယ်။ အဲဒါကြောင့် အလေ့အကျင့်ကောင်းတွေများလာတဲ့လူတစ်ယောက်ကတော့ အခြားသူထက် ပိုပြီးတိုးတက်ဖို့လွယ်ပါတယ်။ ဒါပေမယ့် အကျင့်ဆိုးတွေချည်းရှိနေမယ်၊ ထိုအကျင့်ဆိုးတွေကိုလည်း မပြုမပြင်ဘဲ မသိလိုက်မသိဘာသာနဲ့နေလိုက်ရင်လည်း အကျင့်ဆိုးတွေချည်းစုမိလာမယ်၊ အကျင့်ဆိုးများလာတဲ့အခါ ထိုလူက ဆုတ်ယုတ်သထက်ဆုတ်ယုတ်လာပါလိမ့်မယ်။ အဲဒါဆိုရင် ထိုလူရဲ့အနာဂတ်ကလည်း မကောင်းနိုင်တော့ပါဘူး။ ဥပမာ။ တစ်လတစ်ရက်လောက်အရက်သောက်နေရာကနေ တစ်ပတ်တစ်ရက်ထိ အရက်သောက်တတ်လာတဲ့အကျင့်ဆိုးကို တိုးလာမယ်ဆိုရင် ကိုယ့်အမှားကိုမပြင်ဘူးဆိုရင် နှစ်ချီလာတဲ့အခါမှာတော့မိုးလင်းမိုးချုပ်သောက်တတ်တဲ့အရက်သမားဘဝနဲ့ အဆုံးသတ်ရမှာသေချာသလောက်ပါပဲ။ နေ့တိုင်း ငွေကိုလွယ်လွယ်သုံးပစ်တတ်တဲ့သူအနေနဲ့ ဝန်ထမ်းဘဝနဲ့ရသမျှလစာကို လတိုင်းပြောင်အောင်သုံးတတ်တဲ့အပြင် အချေးအငှားပါထူလာမယ်ဆိုရင် နောင်နှစ်ချီလာတဲ့အခါ အကြွေးလည်ပင်းနစ်ပြီး စိတ်ဆင်းရဲနေရပါလိမ့်မယ်။ အလုပ်ကို အချိန်တန်လစာရမှာပဲဆိုပြီး စေတနာမပါ၊ သာမန်ကာလျှံကာပဲ အလုပ်ပြီးရုံအားထုတ်တတ်တဲ့လူအတွက် အချိန်နဲ့အမျှ အစွမ်းအစတုံးလာမှာဖြစ်သလို၊ နှစ်ချီလာတဲ့အခါ ဘယ်ဘဝ၊ ဘယ်အဆင့်ကိုမှမတိုးတက်တဲ့အပြင် ကိုယ့်ထက်အဆပေါင်းများစွာသာနေတဲ့လူတွေကြားမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အလေ့အကျင့်တွေဟာ ကိုယ့်ရဲ့အနာဂတ်ပဲဖြစ်ပါတယ်လို့ပြောတာပါ။ “You cannot change your future, but you can change your habits, and surely your habits will change your future.” အိန္ဒိယသမ္မတဟောင်း Abdul Kalam ပြောခဲ့တဲ့စကားက အရမ်းအဓိပ္ပါယ်ရှိပါတယ်။ သင့်ရဲ့အနာဂတ်ကို သင်ကမပြောင်းလဲနိုင်ဘူး ဒါပေမယ့် သင့်ရဲ့အကျင့်တွေကိုတော့ သင်ပြောင်းလဲပစ်နိုင်ပါတယ်တဲ့။ သင့်ရဲ့အကျင့်ဆိုးတွေကို အကျင့်ကောင်းအဖြစ်ပြောင်းလဲနိုင်တဲ့အခါ သင့်ရဲ့အနာဂတ်ကလည်း ပြောင်းလဲနိင်လာမှာပါပဲတဲ့။ မနေ့ကတင် နိုင်ငံခြားသူတစ်ယောက်ငွေစုတဲ့အကြောင်းရေးထားတဲ့ဆောင်းပါးလေးဖတ်လိုက်ရပါတယ်။ တစ်လနည်းနည်းငွေစုသလို၊ အပိုကုန်စရာတွေမရှိရင် မသုံးတော့ပါဘူးတဲ့။ တစ်လစာအသုံးစရိတ်ကိုသတ်မှတ်ပြီးအဲဒီ့ဘောင်ထဲသာဝင်အောင်သုံးတဲ့အကျင့်လုပ်ပါတယ်တဲ့၊ အဲဒါအပြင် ပုံမှန်လစာရတဲ့အလုပ်အပြင် အလုပ်ချိန်ပြီးတဲ့အခါ အချိန်ပိုင်းအလုပ်တွေ လုပ်ပါတယ်တဲ့။ တစ်နှစ်ပြည့်တဲ့အခါ မထင်မှတ်ထားတဲ့ငွေပမာဏတစ်ခုကို စုဆောင်းနိုင်လာပါတယ်။ သူကပြောထားပါသေးတယ်၊ အကျင့်ကောင်းတစ်ခုက စတင်ဖို့ခက်ခဲပေမယ့် ရအောင် ကြိုးစားကျင့်ယူကြည့်လိုက်ရင် အကျင့်ဖြစ်သွားတဲ့အခါ တစ်သက်လုံးတည်မြဲသွားတော့တာပါပဲ။ မလုပ်ရမနေနိုင်သလိုဖြစ်လာပါတယ်တဲ့။ နောက်ထပ်လည်း ငွေကို မစုရမနေနိုင်တော့လို့ အိမ်တစ်လုံးဝယ်နိုင်တဲ့အထိ ဆက်ပြီးငွေစုသွားမှာပါဆိုပြီး ရေးထားတာပါ။ အဲဒါက အကျင့်ကောင်းတစ်ခုကို ပျိုးထောင်မိခြင်းရဲ့အကျိုးဆက်ပါပဲ။ အဲဒါဟာ အနာဂတ်အတွက် ကောင်းကျိုးဖြစ်လာစေနိုင်တာပါ။ အကျင့်ဆိုးတွေရှိနေတယ်ဆိုရင် ကြိုးစားပြီး ပြုပြင်ပါ။ အကျင့်ဆိုးအားလုံးကို မပြင်နိုင်ရင်တောင် တစ်ခုပြီးတစ်ခုကို အချိန်လေးတစ်ခုသတ်မှတ်ပြီး (ဥပမာ။ ဘယ်နှစ်ရက်အတွင်း မရရအောင်ပြုပြင်မယ်) လို့ ဆုံးဖြတ်ထားပြီး ကိုယ်တိုင်လိုက်နာကြည့်တာမျိုးလုပ်ကြည့်ပါ။ အစမှာတော့ ခက်ခဲပေမယ့် အကျင့်တစ်ခုဖြစ်လာတဲ့အခါ မလုပ်ရမနေနိုင်အောင်ဖြစ်သွားပါလိမ့်မယ်။ အကျင့်ဆိုးတစ်ခုကို အကျင့်လုပ်ခြင်းဟာ အနာဂတ်မှာ ကိုယ့်အတွက် ဆိုးကျိုးသာဖြစ်စေမှာ သေချာပါတယ်။ အဲဒါကြောင့် အကျင့်ကောင်းကိုသာ အလေ့အကျင့်တစ်ခုလို ကျင့်ယူခြင်းက သင့်ရဲ့အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးထားသလိုဖြစ်သွားစေပါတယ်။ အဲဒီ့အတွက် အနာဂတ်ကို ပုံဖော်ဖို့ ခုလက်ရှိအချိန်မှာ သင့်ရဲ့အကျင့်ဆိုးတွေကို ပြုပြင်နိုင်အောင် ကြိုးစားပါ။ အကျင့်ကောင်းတွေကို အသည်းစွဲနေအောင် လေ့ကျင့်ယူလိုက်ပါ။ သင့်အနာဂတ်သေချာပေါက်လှပနေမှာပါလို့ တိုက်တွန်းလိုက်ရပါတယ်။