ဂျင်းရဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ
Published on September 19, 2025 Reading time: 1 mins Tags: #Ginger #Health #Nutrition #Medicinal
ဂျင်းက ကျန်းမာရေးအတွက် အသင့်တော်ဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ ဂျင်းမှာ အာဟာရဓာတ်တွေအများကြီးပါဝင်နေပြီး သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် အကျိုးများစေတဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) ဂျင်းမှာ ဆေးဘက်ဝင်အစွမ်းသတ္တိတွေပါဝင်ပါတယ်။ Gingerol ဆိုတဲ့ အစွမ်းသတ္တိတစ်မျိုးပါဝင်တာကြောင့် ဆေးဘက်ဝင်ပါတယ်။ တရုတ်ပြည်မှာ အစိုက်များပြီး ပန်းပွင့်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ နနွင်းနဲ့ မျိုးစပ်တဲ့အပင်မျိုးဖြစ်ပါတယ်။ ရိုးရာဆေးပညာအရ အမျိုးမျိုးအသုံးဝင်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ အစာခြေစနစ်ကို ကူညီနိုင်ပါတယ်။ သွေးအားနည်းခြင်းနဲ့ တုတ်ကွေး၊ အအေးမိစတာတွေကို သက်သာစေနိုင်ပါတယ်။ ဂျင်းကို အမှုန့်လုပ်ခြင်း၊ အဆီ ဒါမှမဟုတ် အရည်အဖြစ်သုံးခြင်း၊ အခြောက်ထားခြင်း၊ ဒါမှမဟုတ် အစိမ်းအတိုင်းလည်း ဟင်းထဲထည့်ချက်တာမျိုးလုပ်နိုင်ပါတယ်။ gingerol ဆိုတဲ့ကွန်ပေါင်းကြောင့် ဂျင်းက အနံ့အရသာနဲ့ပြည့်စုံတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်စေတာပါ။ ထိုဓာတ်ကြောင့်ပဲ ဆေးဝါးဆိုင်ရာ အစွမ်းသတ္တိတွေရှိလာတာဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကိုသက်သာစေပြီး antioxidant အကျိုးတွေလည်း ပါဝင်ပါတယ်။ ၂) ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဂျင်းမှာ အော့အန်ခြင်းကို သက်သာစေတဲ့အစွမ်းပါဝင်ပါတယ်။ အော့အန်ခြင်း၊ အော်ကလီဆန်ခြင်းနဲ့ ကင်ဆာလူနာတွေအတွက် သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ အော့အန်ခြင်းကိုလည်း ကာကွယ်နိုင်တယ်လို့ လေ့လာချက်တွေအရတွေ့ရှိရပါတယ်။ ၃) ကြွက်သားတွေနာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဂျင်းမှာ လှုပ်ရှားမှုများပြီး ကြွက်သားနာကျင်ခြင်းတွေကို အကျိုးသက်ရောက်မှုရှိတာတွေ့ရပါတယ်။ ဂျင်း တစ်နေ့ကို ၂ဂရမ်ခန့်စားသုံးပြီး ရက်ပေါင်း၁၁ရက်ခန့် ဆက်တိုက်စားသုံးခြင်းက ကြွက်သားနာကျင်တဲ့လူတွေကို သိသာစွာသက်သာစေတာတွေ့ရပါတယ်။ ချက်ချင်းတော့ အစွမ်းမပြပေမယ့် တစ်နေ့နည်းနည်းသက်သာစေပါတယ်။ အဲဒါက ရောင်ရမ်းခြင်းကိုလျှော့ကျစေတဲ့အစွမ်းကြောင့်ပဲဖြစ်ပါတယ်။ ၄) အရိုးပွရောဂါကို သက်သာစေနိုင်ပါတယ်။ ထိုကဲ့သို့ ရောင်ရမ်းခြင်းကို လျှော့ကျစေနိုင်တဲ့အစွမ်းသတ္တိကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးပွခြင်းက ခန္ဓာကိုယ်ရဲ့အရိုးအဆစ်တွေသိပ်သည်းမှု အားနည်းခြင်း၊ အဆစ်နာခြင်း၊ ယောင်ခြင်းတွေဖြစ်ပေါ်စေပါတယ်။ ၅) သွေးထဲကသကြားဓာတ်ကို လျှော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ကျစေနိုင်ပါတယ်။ ဆီးချိုဖြစ်ပွားမှုကို လျှော့ကျစေတဲ့အစွမ်းသတ္တိတွေရှိပါတယ်။ ၂ဂရမ်ခန့်စားသုံးခြင်းက သွေးထဲကသကြားဓာတ်ကို ၁၂ရာခိုင်နှုန်းထိ ကျဆင်းနိုင်တယ်လို့ လေ့လာချက်တွေအရတွေ့ရှိရပါတယ်။ အဲဒါကြောင့် ဂျင်းက သွေးထဲက သကြားဓာတ်ကိုလျှော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားစေနိုင်တဲ့အလားအလာလျှော့နည်းစေနိုင်ပါတယ်။ ၆) နာတာရှည် အစာမကြေခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ အစာအိမ်ရဲ့အထက်ပိုင်းမှာ မသက်မသာဖြစ်ခြင်းနဲ့ နာကျင်ခြင်းက နာတာရှည်အစာမကြေခြင်းလက္ခဏာဖြစ်ပါတယ်။ အစာခြေဖို့အတွက် နောက်ကျခြင်းကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အစာစားချိန်နောက်ကျခြင်းကြောင့်ပါ။ ဂျင်းက ထို့ကဲ့သိုအစာမကြေဖြစ်ခြင်းကိုလည်း လျှော့ကျစေနိုင်ပါတယ်။ စွပ်ပြုတ်ထဲကို ဂျင်းထည့်စားသုံးခြင်းက သက်သာစေနိုင်ပါတယ်။ ၇) ရာသီလာစဉ်ကိုက်ခဲနာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ အမျိုးသမီးများ ရာသီလာစဉ်ကိုက်ခဲနာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ ရာသီမလာခင် ပထမ ၃ရက်မှာ ၁ဂရမ်ခန့်ရှိတဲ့ ဂျင်းအမှုန့်ကို စားသုံးခြင်းက နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။ ၈) ကိုလက်စထရောပမာဏကို လျှော့ကျစေပါတယ်။ မကောင်းတဲ့ ကိုလက်စထရောပမာဏများခြင်းက နှလုံးရောဂါဖြစ်ပွားနိုင်ချေများပြားပါတယ်။ ဂျင်းအမှုန့် ၃ဂရမ်ခန့်စားသုံးခြင်းက သင့်ရဲ့ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ကျစေနိုင်ပါတယ်။ ၉) ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။ လေ့လာချက်တွေအရ ပုံမှန်မဟုတ်တဲ့ကင်ဆာဆဲလ်တွေကြီးထွားခြင်းကို လျှော့ကျစေနိုင်ပါတယ်။ 6-gingerol ဆိုတဲ့ဓာတ်ကြောင့် ကင်ဆာကိုဆန့်ကျင်နိုင်ပါတယ်။ တစ်နေ့ကို ဂျင်း ၂ဂရမ်ခန့်ပုံမှန်စားသုံးခြင်းက ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားခြင်းကို လျှော့ကျစေနိုင်ပါတယ်။ ၁၀) အင်ဇီုင်းမားရောဂါကို ကာကွယ်နိုင်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေပါတယ်။ အောက်ဆီဂျင်ကင်းမဲ့လာခြင်းနဲ့ နာတာရှည်ရောင်ရမ်းခြင်းတွေက အိုမင်းရင့်ရော်စေပါတယ်။ အသက်အရွယ်အိုမင်းခြင်းက အင်ဇိုင်းမားရောဂါဖြစ်ပေါ်ခြင်းရဲ့အဓိက အကြောင်းအရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာချက်အရ antioxidants နဲ့ bioactive ကွန်ပေါင်းတွေ ဂျင်းမှာပါဝင်တာကြောင့် ဦးနှောက်ထဲက ရောင်ရမ်းမှုတွေကို လျှော့ကျစေပါတယ်။ အဲဒါကြောင့် ဦးနှောက်ထဲကလုပ်ဆောင်ချက်တွေကို ထိရောက်စွာအကျိုးရှိစေပါတယ်။ အသက် ၆၀နီးပါးအမျိုးသမီးများကိုလေ့လာတဲ့အခါ မှတ်ဉာဏ်ကို မှတ်မိခြင်းနဲ့ တုံ့ပြန်မှုမြန်ဆန်ခြင်းတွေကို တွေ့ရပါတယ်။ တိရိစ္ဆာန်တွေမှာ လေ့လာချက်တွေအရ ဂျင်းက အသက်အရွယ်အရ ဦးနှောက်လုပ်ဆောင်ချက်တွေပျက်ဆီးခြင်းကို ကာကွယ်နိုင်ပါတယ်။ ၁၁)ကူးစက်မှုတွေကို တိုက်ဖျက်နိုင်ပါတယ်။ Gingerol ဆိုတဲ့ ကွန်ပေါင်းကြောင့် ကူးစက်မှုတွေကို တိုက်ဖျက်နိုင်ပါတယ်။ ဘက်တီးရီးယားတွေကြီးထွားမှုကို တိုက်ဖျက်နိုင်ပါတယ်။ သွားဖုံးရောင်ရမ်းခြင်းကဲ့သို့ ဘက်တီးရီးယားကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မှုတွေကို ကာကွယ်နိုင်ပါတယ်။ ဂျင်းက “superfoods” လို့ခေါ်ရလောက်အောင် အစွမ်းထက်အိမ်သုံးဆေးဝါးတစ်မျိုးပါပဲ။ https://www.healthline.com/nutrition/11-proven-benefits-of-ginger လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။