အတွဲများအတွက် ငွေရေးကြေးရေးစီမံချက်များ
Published on September 4, 2025 Reading time: 2 mins Tags: #Saving Money #Expense Management #Marriage Planning
ချစ်သူနဲ့လက်ထပ်ဖို့အရေး စုမိဆောင်းမိတာက မရှိ၊ ရသမျှ ဝင်ငွေမှန်သမျှ မလောက်မငဖြစ်နေမိလို့ စိတ်ညစ်နေတဲ့သူတွေရှိတယ်ဆိုတာ သေချာသလောက်ပါပဲ။ အောက်ပါအချက်လေးတွေက သင်နဲ့သင့်ချစ်သူစတင်တိုင်ပင်ပြီး လုပ်ဆောင်သင့်တဲ့အချက်လေးတွေပါ။ ထိုအချက်လေးတွေ တိုင်ပင်ဖြစ်ပြီး အကောင်အထည်ဖော်ဖြစ်ပြီဆိုရင်တော့ သင်တို့ရဲ့ နှစ်ယောက်ပေါင်းတစ်ဘဝအဖြစ်တည်ထောင်မယ့် ဘဝလေးအကောင်အထည်ဖော်ဖြစ်ဖို့ နီးစပ်လာနိုင်ပါပြီနော်။ အားလုံးပဲ ဖတ်ကြည့်လိုက်ကြပါအုံး။
၁) ငွေစုဖို့တိုင်ပင်ပါ။
ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်ခုလုံးအတူလက်တွဲဖို့ မဆုံးဖြတ်ခင်မှာ အရေးတကြီး လိုအပ်တာက ငွေပါပဲ။ အခုပြောချင်တဲ့နေရာမှာ ငွေစုတာက မင်္ဂလာဆောင်ဖို့၊ အိမ်ထောင်ပရိဘောဂတွေဝယ်ဖို့ထက် တစ်ယောက်ကနေနှစ်ယောက်ဖြစ်လာတဲ့အခါ ဖြစ်လာနိုင်တဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေအတွက် လုံးဝမသုံးသင့်ဘဲ ဖယ်ထားသင့်တဲ့ ပုံမှန်စုငွေပါ။ ထိုပုံမှန်စုငွေကို အခြားသော ကိစ္စတွေအတွက် ဘာမှမသုံးဘဲ လစဉ်ပုံမှန်စုသွားဖို့ ဖယ်ထားသင့်ပါတယ်။ အဲဒါက သင်တို့ လက်ထပ်ပြီး မိသားစုဘဝဖြစ်လာတဲ့အခါမှာ အရမ်းကို အသုံးဝင်လာပါလိမ့်မယ်။
၂) အသုံးစရိတ်ကို သတ်မှတ်ထားပါ။
လစဉ် ရုံးကိုသွားမယ့် ဘတ်စ်ကားခ၊ ဒါမှမဟုတ် ကားနဲ့သွားမယ့်ဆီဖိုး တစ်လစာ၊ တစ်လလုံးအသုံးစရိတ်၊ ဖုန်းဘေလ် စသည်ဖြင့် သတ်မှတ်ပြီး သတ်မှတ်ထားတဲ့အမောင့်ထဲ ဝင်အောင်သုံးပါ။ အဲဒါက စစချင်းမှာ သင့်အတွက် ခက်ခဲနိုင်ပေမယ့် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ မလိုအပ်ပဲအပိုသုံးမိနေတဲ့အရာတွေအတွက် ကုန်ကျနေတဲ့စရိတ်တွေ လျော့နည်းသွားစေပါတယ်။ ပုံမှန်အကျင့်တစ်ခုလိုဖြစ်သွားတဲ့အခါ သင့်အတွက် အသုံးစရိတ်စာရင်းထဲမပါဘဲ ပိုနေတဲ့ငွေတွေဖြစ်လာမှာပါ။ အဲဒါဆို ပိုလာတဲ့ငွေတွေကို သင်စပြီး စုလို့ရပါပြီ။
၃) လစဉ် နှစ်ဦးသဘောတူရည်မှန်းချက်တွေချမှတ်ထားပါ။
ဘဝကို နှစ်ယောက်ရင်ဆိုင်တော့မယ်ဆိုတော့ ဘာလုပ်လုပ် နှစ်ဦးတိုင်ပင်သဘောတူတာအကောင်းဆုံးပါ။ နှစ်ဦးစလုံး ပိုလာတဲ့ငွေကို စုနိုင်လာပြီဆိုရင်တော့ သိပ်အခြေအနေမဆိုးတော့ပါဘူး။ စုမိလာတဲ့ငွေကို ဒီလစုနိုင်တဲ့အမောင့်ထက် နောက်လစုနိုင်တဲ့အမောင့်ပိုများလာအောင် အသုံးစရိတ်ကို ပြန်ဆန်းစစ်လိုက်ပါ။ ထပ်လျော့သုံးလို့ရတာလေးတွေ သိလာတော့ လျော့သုံးလိုက်တာပေါ့။ အဲဒီတော့ စုငွေအမောင့်က နှစ်ဦးစလုံးမှာ တိုးလာပါလိမ့်မယ်။ တိုးလာပြီဆိုရင်တော့ ဘယ်နှစ်လပြည့်ရင် ငွေအမောင့်ဘယ်လောက်ရပြီဆိုပါတော့ အိမ်အတွက်လိုအပ်တဲ့ ဘာပစ္စည်းဝယ်မလဲ….စသည်ဖြင့် ကြိုတင်တိုင်ပင်ထားလိုက်လို့ရပါပြီ။
၄) စာရင်းလုပ်ထားပါ။
တစ်ယောက်ရသမျှ ဝင်ငွေကို စာရင်းမလုပ်ဘဲနေရင်တော့ တစ်လလုံးရသမျှဝင်ငွေက အသုံးစရိတ်ထဲတင် အကုန်ပါသွားမှာ သေချာပါတယ်။ အဲဒီ့တော့ ဘာလုပ်လုပ် စာရင်းလေးလုပ်ထားပါ နှစ်ယောက်စလုံးအတွက်ပေါ့။ တစ်ယောက်စာရင်းတစ်ယောက်ကြည့်ပြီး ပြန်သုံးသပ်လို့လည်း ရတာပေါ့။ ဒီလမှာ ဖုန်းဘေလ်အသုံးစရိတ်တော့များသွားတယ်ထင်တယ်…..ဆိုပြီး ကိုယ့်ချစ်သူကိုလည်း ကိုယ်က ပြောပြပေးလို့ရပါသေးတယ်။ ကိုယ့်ရဲ့စားသောက်စရိတ်များသွားတယ်ဆိုရင်လည်း ကိုယ့်ချစ်သူက ပြန်ပြီးသုံးသပ်ပေးရင် လက်ခံလိုက်ပါ။ ဘယ်စရိတ်မဆို စာရင်းနဲ့ချရေးထားတော့ လကုန်တဲ့အချိန်မှာ ပိုထွက်ငွေတွေ၊ ပိုသုံးငွေတွေ ထွက်လာမှာပါ။ အဲဒီ့မှာ သင်လတိုင်း ငွေယိုပေါက်တွေတွေ့နိုင်ပြီလေ။ ငွေယိုပေါက်ကိုပိတ်ဖို့ ကြိုးစားပြီး ကိုယ့်ချစ်သူနဲ့ပေါင်းဖက်ဖို့အရေး တိုင်ပင်လိုက်ပါ။
၅) Plan ဆွဲပါ။
အဲဒီ့တော့ စာရင်းလုပ်ပြီး အသုံစရိတ်လည်းသတ်မှတ်ပြီးပြီ၊ စုငွေလည်း တစ်လတစ်ခါဖယ်ထားပြီးပြီ၊ လိုအပ်တဲ့ပစ္စည်းတွေလည်း ဝယ်ဖို့ တိုင်ပင်ပြီးပြီဆိုရင်တော့ စီမံကိန်းကိုစဆွဲထားလိုက်ပါတော့။ ဘယ်နှစ်လမှာ ဘာတွေစုဆောင်းဖို့ရှိမလဲ။ ဘယ်နှစ်လကြာရင်တော့ prewedding အတွက် လုပ်သင့်တာတွေလုပ်ဖို့ မဖြစ်ဖြစ်အောင်လုပ်မယ်…ဆိုတာမျိုး၊ prewedding ပြီးရင် wedding အတွက် ဘာတွေထပ်လုပ်ကြမယ်ဆိုတာမျိုး၊ စသည်ဖြင့် စီမံကိန်းတစ်ခုသတ်မှတ်ထားလိုက်မှ အကောင်အထည်ဖော်ဖြစ်မှာပါ။ စီမံကိန်းမရှိဘဲ လေထဲတိုက်အိမ်ဆောက်နေရင်တော့ သင်တို့ရဲ့နှစ်ယောက်တစ်ဘဝက လေထဲမှာပဲဆောက်လို့ရမှာမဟုတ်လား။ သေချာတာကတော့ အစီအစဉ်လုပ်ဖြစ်တဲ့အချိန်၊ လ ၊ အတိအကျမဖြစ်နိုင်ရင်တောင် အနည်းငယ်လွဲချော်ရုံကလွဲပြီး အကောင်အထည်ပေါ်လာဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။
ကဲ… နှစ်ယောက်တစ်ဘဝတော့တည်ဆောက်ချင်ပါရဲ့၊ ခုထိဘာမှမဖြစ်လာသေးဘူးဆိုသူတွေ အစီအစဉ်ဆွဲကြည့်လိုက်တော့နော်။