သင့်ကိုယ်သင်နေ့တိုင်း ပြန်ပြောသင့်သောစကားများ
Published on September 23, 2025 Reading time: 4 mins Tags: #Daily affirmations #Self-care #Personal growth
သင့်ကိုယ်သင်နေ့တိုင်းပြန်ပြောသင့်တယ်ဆိုတာက သင့်ကိုသင်အမြဲသတိပေးနေဖို့ပါ။ သင့်ကိုယ်သင်အမြဲသတိပေးနေသင့်တယ်ဆိုကတည်းက သင့်ဘဝပိုပြီးကောင်းမွန်လာဖို့ပေါ့။ တခါတလေမှာ ကျွန်တော်တို့တွေက အမြဲတမ်း စားဝတ်နေရေး ရုန်းကန်မှုတွေကြားမှာ ရှင်သန်နေရင်းနဲ့ ရေစုန်မြောသလိုဖြစ်သွားတတ်ကြလို့ ကိုယ့်ဟာကိုယ်ဘာအတွက်ရှင်သန်နေမှန်းတောင်မသိတော့လောက်အောင် ဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့် ဒီစကားလေးတွေကို မှတ်ထားပြီး သင့်ကိုသင် မနက်ခင်းတိုင်းမှာဖြစ်ဖြစ်၊ စိတ်ညစ်တိုင်းမှာဖြစ်ဖြစ်၊ မှန်ကြည့်ရင်းဖြစ်ဖြစ် ပြန်ပြောကြည့်ပါ။ သင်သတိပြန်ဝင်သလို၊ သင့်ကို တစ်ယောက်ယောက်ကလာသတိပေးလိုက်သလို သင်ခံစားရပါလိမ့်မယ်။ ၁) ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတဲ့သူမဖြစ်ပါစေနဲ့။ ၂) ကိုယ့်ဘဝဆိုတာ အကောင်းဆုံးရှင်သန်မလား၊ အရှုံးပေးမလား ကိုယ်တိုင်ရွေးရတာပါ။ ၃) ခုပဲစတင်မယ်ဆိုရင်တောင် နောက်ကျတယ်ဆိုတာမရှိပါဘူး။ ခုပဲစတင်လိုက်ပါ။ ၄) သင့်ကိုနှလုံးသားနဲ့ဆက်ဆံသူကိုသာ သင်တန်ဖိုးထားပါ။ ၅) သင့်ကိုအမှိုက်လိုဆက်ဆံသူကို သင်ဖက်မတွယ်ထားသင့်ပါဘူး။ ၆) ကိုယ်က ဘာအတွက်ဘဝကိုရှင်သန်နေတာလဲ။ ၇) ကိုယ့်မှာဘာအားနည်းချက်တွေရှိပါစေ၊ ကိုယ့်ဟာကိုယ်ဖြစ်နေတာကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ်လက်ခံပါ။ ၈) အားနည်းချက်ရှိတာအရေးမကြီးပါဘူး။ အားသာချက်ရှိအောင်ကြိုးစားဖို့ပဲလိုပါတယ်။ ၉) ကိုယ့်ဘဝမှာ အလေးအနက်ထားရမယ့်အရာတွေကို မမေ့ပါနဲ့။ ၁၀)နေ့တိုင်း တစ်ခုခုမှာ တိုးတက်မှုရှိအောင်သင်ယူပါ။