ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးပါ

Published on September 23, 2025 Reading time: 1 mins Tags: #Life Creation #Skill Development #Goals #Time Management

လူတော်တော်များများက ကိုယ်ဖြစ်ချင်တာတွေမဖြစ်ရဘူးလို့ ညည်းညူကြတာကြားဖူးမယ်ထင်ပါတယ်။ ထိုကဲ့သို့အခြားသူတွေညည်းညူတာကြားတဲ့အခါ ကိုယ့်အလှည့်ကျရင်တော့ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်မဖြစ်ဖြစ်အောင်ဖန်တီးမယ်လို့တွေးဖူးပါသလား။ ကိုယ့်ဘဝက ဖြစ်ချင်တိုင်းဖြစ်နေတယ်…ဆိုတဲ့လူတွေကိုမြင်တဲ့အခါ ဘာကြောင့်လဲ..ဆိုတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ အဲဒါမှ ကိုယ့်ဘဝမှာ ထိုကဲ့သို့မဖြစ်အောင် ဆင်ခြင်နိုင်မှာပါ။ တကယ်တော့ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကလွဲပြီး ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့အရာတော်တော်များများကိုသာ အာရုံစိုက်မယ်ဆိုရင် ဘဝကို ကိုယ်တိုင်စနစ်တကျလိုသလိုဖန်တီးနိုင်ပါတယ်။ ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့အရာဆိုတာက ဥပမာ၊ ကိုယ့်မိဘအခြေအနေ၊ နိုင်ငံရေးအခြေအနေ စတာတွေပေါ့။ အဲဒီလိုကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့အရာတွေကို အာရုံမထားဘဲ ကိုယ်တိုင်ထိန်းချုပ်နိုင်တာကဘာလဲ….ဆိုတာကို သေချာသိအောင်လုပ်ပြီး အစွမ်းကုန်သာ ကြိုးစားမယ်ဆိုရင် ဘဝကို ကြိုတင်စီစဉ်ခြင်းတွေနဲ့ ဖန်တီးဖို့လမ်းကြောင်းနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကိုပဲ အစွမ်းကုန်ကြိုးစားမယ်။

ဥပမာ။ သင့်ရဲ့ပညာရေးအခြေအနေ၊ သင့်ရဲ့ဝင်ငွေ၊ သင့်ရဲ့အစွမ်းအစ၊ သင့်ရဲ့အချိန် စတဲ့အရာတွေအပေါ်မှာ အစွမ်းကုန်ကြိုးစားအားထုတ်မှုရှိမယ်ဆိုရင် နေရာတစ်ခုခုမှာ သင်ထူးချွန်လာတဲ့အခါ သင့်ဘဝကို ပိုကောင်းအောင် ဖန်တီးဖို့အခွင့်အလမ်းရလာစေနိုင်ပါတယ်။ သင်က မြန်မာကျောင်းမှာပဲတက်ပြီး ဘာမှမဖြစ်မြောက်နိုင်ပါဘူး….မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကဘာညာဆိုပြီး သင်မထိန်းချုပ်နိုင်တဲ့စနစ်ကို ထိုင်စိတ်ညစ်နေလို့တော့ အလကားပါပဲ။ ထိုစနစ်ထဲကနေ ပိုပြီးထူးချွန်ထက်မြက်အောင်ဘာလုပ်မလဲဆိုတာကို သင်စဉ်းစားရပါမယ်။ ပြင်ပက စာအုပ်တွေဝယ်ဖတ်မယ်၊ ကိုယ့်နိုင်ငံပြင်ပက ပညာရေးစာအုပ်တွေဖတ်နိုင်အောင် ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့အင်္ဂလိပ်စာကို ပိုပြီးကျွမ်းကျင်သထက်ကျွမ်းကျင်လာရင် ပြင်ပက ပညာရပ်ဆိုင်ရာစာအုပ်တွေကို သင်ဖတ်နိုင်လာပါလိ့မ်မယ်။ အဲဒီ့အခါ ဒီကဘောင်တွေထဲကနေဖောက်ထွက်ပြီး သင်တွေးတတ်စဉ်းစားတတ်၊ ပညာရလာပါလိမ့်မယ်။ အဲဒါသည် သင်လုပ်ယူနိုင်တဲ့အပိုင်းဖြစ်သွားပါပြီ။ အလားတူပါပဲ….သင့်ရဲ့ဘာသာစကားတိုးတက်လာတဲ့အခါ ပြင်ပကပညာရပ်ဆိုင်ရာစာအုပ်တွေဖတ်နိုင်လာတဲ့အခါ သင့်ဝင်ငွေတိုးလာပါလိမ့်မယ်။ သင့်အစွမ်းအစတိုးလာတဲ့အတွက် ဝင်ငွေတိုးလာတာပါပဲ။ သင့်မှာ ပိုနေတဲ့အချိန်တွေကို အရင်းအနှီးလုပ်ပြီး သင်စိတ်ပါဝင်စားတဲ့အရာပေါ်မှာ သေချာလေ့လာသင်ယူမှုလုပ်တဲ့သင့်အစွမ်းအစပိုတိုးလာသလို ဝင်ငွေလည်းထပ်တိုးလာပါလိမ့်မယ်။ ဒါက ဥပမာအနေနဲ့ပြောပြတာဖြစ်ပါတယ်။ ကျန်တဲ့အရာတွေမှာလည်း ဒီသဘောတရားပါပဲ။ “သင့်မှာဘာမှပိုင်ဆိုင်မှုမရှိဘူး၊ သင့်မိဘကသာမန်လူတန်းစားဖြစ်နေလို့….ငွေမချမ်းသာလို့….” စတဲ့သင်မပြုပြင်မပြောင်းလဲနိုင်တာကို အာရုံမထားပါနဲ့။ သင့် စွမ်းရည်တိုးလာအောင် အစွမ်းကုန် ကြိုးစားနိုင်တာက သင်ကိုယ်တိုင်လုပ်နိုင်တဲ့အရာပါပဲ။

သင်ဖြစ်တဲ့ဘဝပုံစံဖြစ်လာဖို့ သင့်စွမ်းရည်ကိုပဲအားကိုးတာ အသေချာဆုံးပါပဲ။ သင်ဖြစ်ချင်တဲ့ဘဝက ဘာလဲဆိုတာကို သိဖို့ပဲလိုပါတယ်။ ထိုအရာအတွက် သက်ဆိုင်တဲ့စွမ်းရည်ကိုလေ့လာပြီး သင်ကိုယ်တိုင်ကျားကုတ်ကျားခဲကြိုးစားပစ်လိုက်ပါ။ George Bernard Shaw ပြောဖူးတဲ့စကားတစ်ခွန်းရှိပါတယ်။ “Life isn’t about finding yourself. Life is about creating yourself” ဘဝဆိုတာက သင့်ကိုယ်သင်ရှာဖွေရတာမဟုတ်ဘူး၊ သင့်ကိုယ်သင်ဖန်တီးရတာဖြစ်ပါတယ်” တဲ့။ တကယ်မှန်ပါတယ်။ “အမေကတို့က ချမ်းသာအောင်အမွေမပေးခဲ့လို့….” “အမေတို့က နိုင်ငံခြားကဘွဲ့ရအောင်ကျောင်းမထားခဲ့လို့…” “မိဘအဆင့်အတန်းနိမ့်ကျလို့…..” “အရင်းအနှီးမရှိလို့ လုပ်ငန်းရှင်မဖြစ်ရတာ….” စတဲ့ကိုယ်မထိန်းချုပ်နိုင်တဲ့အကြောင်းရင်းတွေကို အပြစ်ထိုင်ပြောနေရုံနဲ့တော့ သင့်ဘဝက သင်ဖြစ်ချင်သလိုဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ဘဝက ဘယ်လိုပုံစံလဲဆိုတာကို သေချာသိအောင်လုပ်ပါ။ သေချာသိသွားတဲ့အခါ ကိုယ့်ဖြစ်ချင်တဲ့ဘဝကို အကောင်အထည်ဖော်ဖို့ လမ်းကြောင်းကို ရွေးပါ။ ကိုယ်ရွေးထားတဲ့လမ်းကြောင်းအတိုင်း လိုအပ်တဲ့အစွမ်းအစတွေကို ကိုယ်တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားပါ။ “စာရေးဆရာဖြစ်ချင်တယ်…..ဒါပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့” ဆိုတဲ့သူမျိုးကိုတွေ့ဖူးပါတယ်။ တကယ်ဖြစ်ချင်ရင် တကယ်ဖြစ်နိုင်မယ့်နည်းလမ်းကိုရှာတွေ့နိုင်ပါတယ်။ ဖြစ်ချင်တဲ့ဘဝကိုသိနေပြီမို့…..ဘယ်လိုနည်းနဲ့ဖြစ်အောင်လုပ်မလဲဆိုတာကိုသာ စဉ်းစားရတော့မှာဖြစ်ပါတယ်နော်။ စားဝတ်နေရေးအတွက်အလုပ်လုပ်နေရင်း ပိုနေတဲ့အချိန်လေးတွေ ဥပမာ။ ရုပ်ရှင်ကြည့်မယ့်အချိန်တစ်နာရီရရ၊ နာရီဝက်ရရ ရေးချင်တာလေးတွေရေးနေလို့မရဘူးလား။ ရေးပါများလာတဲ့အခါ ရေးကျင့်ဖြစ်လာပြီး အရေးသွက်လာပါလိမ့်မယ်။ မရေးဘဲနေပါများလာရင် မရေးဖြစ်တော့ပါဘူး။ အချိန်ကြာလာတဲ့အခါ ကိုယ့်ရဲ့စားဝတ်နေရေးအတွက်ရတဲ့ငွေလေးထဲကနေ တစ်လနည်းနည်းစီစုသွားမယ်ဆိုရင် ကိုယ့်အတွက်စာအုပ်တစ်အုပ်ထုတ်ဖို့ငွေကြေးမဖြစ်လာနိုင်ဘူးလား။ နှမ်းတစ်လုံးထဲနဲ့တော့ ဆီမဖြစ်ပါဘူး။ နှမ်းတွေအများကြီးစုဆောင်းပြီးမှသာဆီဖြစ်လာနိုင်တာပါ။ ကျန်တဲ့အရာတွေမှာလည်းအဲဒီလိုပါပဲ။ အဲဒါသည် ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးခြင်းပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ဘယ်လိုဖန်တီးမလဲဆိုတာကို အာရုံမထားဘဲ…..မဖြစ်နိုင်ပါဘူးလို့ ထိုင်ပြောနေတာက အချိန်ကုန်ပါတယ်။ ဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူး။ “Two percent of the people think, three percent of the people think they think, ninety fifty percent of the people would rather die than think” ဆိုတဲ့စကားလိုပါပဲ။ “၂% ခန့်ရှိတဲ့လူတွေက တကယ်တွေးတယ်၊ ၃% က သူတို့ကိုယ်သူတို့ တွေးတယ်လို့ထင်နေကြတာဖြစ်ပြီး၊ ၉၅% ကတော့ တွေးကိုမတွေးတော့ဘဲ တွေးရမယ့်အစား သေပဲသေလိုက်မယ်” ဆိုတဲလူတွေဖြစ်ပါတယ်လို့ George Bernard Shaw ကပြောထားပါတယ်။ အဲဒီလိုပါပဲ….တော်တော်များများက သူတို့ဘဝကိုဘယ်လိုဖန်တီးမလဲဆိုတာကို မတွေးပါဘူး။ တွေးမယ့်အစား သေပဲသေလိုက်မယ်ဆိုတဲ့လူတွေဖြစ်နေကြပြီး ၃ရာခိုင်နှုန်းလောက်တော့ သူတို့ဘဝအတွက် သူတို့ကိုယ်သူတို့တွေးတယ်လို့ထင်နေကြတာဖြစ်ပါတယ်။ တကယ့်တမ်းတွေးနေတာက ၂ရာခိုင်နှုန်းခန့်သောသူတွေပဲဖြစ်ပါတယ်တဲ့။ ထိုလူတွေကသာ တကယ်တွေးပြီး တကယ်ဖြစ်အောင်နည်းလမ်းရှာ၊ တကယ်ဖြစ်ချင်တဲ့ဘဝကို ဖန်တီးနေတာဖြစ်ပါတယ်။

သင်ကကော ဘယ်လိုလူထဲမှာပါနေသလဲ….ကိုယ့်ဟာကိုယ်ပြန်မေးကြည့်လိုက်ပါနော်။ တွေးနေတယ်လို့ထင်နေတာလား….ဒါမှမဟုတ် “ရှုပ်ပါတယ်တွေးမနေနဲ့….အချိန်တန်သူ့ဟာသူဖြစ်သွားလိမ့်မယ်” လို့များတွေးနေသလား။ ဘာလုပ်မလဲ….ကိုယ်ဖြစ်ချင်တဲ့ဘဝက ဘယ်လိုပုံစံလဲ…..အဲဒီ့ပုံစံဖြစ်လာဖို့ ဘာလိုနည်းလမ်းနဲ့ကြိုးစားရမလဲ….လို့ တကယ်တွေးနေပြီလား။ တကယ်တွေးနေတဲ့သူကတော့ တကယ်နည်းလမ်းရှာတွေ့နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်သေချာဖန်တီးလို့ရပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

Related content