Comfort Zone ထဲကနေ ဘာလို့ရုန်းထွက်သင့်တာလဲ

Published on September 19, 2025 Reading time: 1 mins Tags: #Comfort Zone #Personal Growth #Motivation

Comfort zone ဆိုကတည်းက သက်တောင့်သက်သာရှိမယ့်နေရာမျိုးပါ။ ကိုယ့်အတွက် အရမ်းကိုဖိစီးမှုနည်းပါးပြီး ကိုယ့်အတွက် အရမ်းနေပျော်မယ့်နေရာမျိုးဖြစ်နေမှာပါ။ လောကမှာ ဘယ်သူမဆို သက်တောင့်သက်သာရှိခြင်း၊ ပေါ့ပါးစွာအသက်ရှင်ရခြင်း၊ ပူပန်ခြင်းကင်းတာကို မကြိုက်တဲ့သူရှိမယ်မထင်ပါဘူးနော်။ လူတိုင်းက နေ့စဉ်ဘဝမှာ ပူပန်မှုတွေ၊ အကြပ်အတည်းတွေ၊ ခက်ခဲမှုတွေ၊ အတိုက်အခိုက်တွေကို ကျော်လွှားပြီး နေ့စဉ်အသက်ရှင်ရပ်တည်မှုအတွက် ကြိုးစားနေကြရတာမို့ ဘယ်သူမဆို ပေါ့ပါးစွာရှင်သန်ရမယ့်နေရာကို မကြိုက်တဲ့သူရယ် ရှိမှာမဟုတ်ပါဘူး။ အဲဒါက ထုံးစံတစ်ခုပါပဲ။ အလုပ်ဆိုလည်း အလုပ်ခွင်ဖိစီးမှု၊ စားဝတ်နေရေးအတွက် လုပ်ရှားရုန်းကန်နေရတဲ့အတွက်ဖိစီးမှု၊ မိသားစုအတွင်းက ပြဿနာများကြောင့် ဖိစီးမှု၊ သားသမီးအရေးကြောင့် ပူပန်သောကဖိစီးမှု စသည်ဖြင့် တင်းကြပ်မှုပေါင်းစုံနဲ့ ရင်ဆိုင်ရတဲ့အချိန်မျိုးမှာဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ တင်းကြပ်မှုတွေကင်းကွာတဲ့ နေရာလေးတစ်ခု၊ ဒါမှမဟုတ် အခိုက်အတန့်လေးတစ်ခုကတော့ လိုအပ်ပါတယ်။ အဲဒါမှာသာ တင်းကြပ်မှုတွေကို ခဏတဖြုတ်ပြေလျော့စေပြီး စိတ်ကျန်းမာမှ ကိုယ်ကျန်းမာဖို့ဂရုစိုက်မယ်၊ ကိုယ့်ရဲ့နေ့စဉ်ဘဝကိုလည်း ပြန်လည် လည်ပတ်နိုင်လာမှာပါ။ ဒါပေမယ့် ထိုကဲ့သို့ ခပ်ပေါ့ပေါ့ရှင်သန်ရတာကို ကြိုက်လို့ ခပ်ပေါ့ပေါ့ပဲရှင်သန်ရင်း လေးနက်မှုပျောက်ဆုံးရုံတင်မကဘူး လေးနက်မှုကိုပါ မရှာဖွေတော့ဘဲ ဒီထဲမှာသာ သံသရာလည်နေပြီဆိုရင်တော့ ထိုသူရဲ့ဘဝက ဘယ်နေရာမှာမှ တိုးတက်မှုအလျင်းရှိနိုင်မှာ မဟုတ်ပါဘူး။ ဘဝဆိုတာကိုက တိုက်ပွဲပါတဲ့။ ဘဝမှာ လွယ်လွယ်နဲ့ရတတ်တာမျိုးဆို စွဲမြဲစွာအမှတ်ရနေတာမျိုးမဖြစ်နိုင်ဘဲ မေ့လွယ်ပျောက်လွယ်ပြီး လွယ်လွယ်သဘောထားတတ်ကြပါတယ်။ ခက်ခဲစွာအောင်မြင်အောင်ကြိုးစားယူရတာမျိုးမှသာ မှတ်မှတ်ထင်ထင်နဲ့ အမှတ်ရနေတတ်ပြီး ပိုလည်း တန်ဖိုးထားတတ်ကြပါတယ်။ ခက်ခဲကြီးစွာ ရယူထားရတာမျိုးကိုး။ အဲဒါကြောင့် ဘဝမှာ ရှင်သန်ရတာ ခက်ခဲလွန်းလို့ ခပ်ပေါ့ပေါ့ဘဲ နေလိုက်မယ်လို့တွေးရင်တော့ ကိုယ့်ဘဝမှာ မှတ်ကျောက်တင်စရာ ဘာမှကို ကျန်ခဲ့မှာမဟုတ်ပါဘူးနော်။ အဲဒါကြောင့် တခါတလေ တင်းကြပ်မှုတွေများလို့ comfort zone ဆိုတာ လိုအပ်ပေမယ့် အမြဲတမ်းကြီး comfort zone ထဲမှာသာယာနေလို့မဖြစ်ပါဘူး။ comfort zone ထဲမှာအနေများသွားတဲ့အခါ သက်သာပါတယ်။ အနေချောင်ပါတယ်ဆိုတာနဲ့အတူ သင်စွန့်လွှတ်လိုက်ရတာလည်း ရှိပါတယ်နော်။ အလုပ်ဆိုလည်း အလုပ်ခွင်မှာ ကိုယ့်ဟာကိုယ်အပင်ပန်းခံပြီး ဘာမှလိုက်လုပ်စရာမလိုဘဲ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်တာဝန်တွေအားလုံးကို လုပ်ပေးနေတယ်ဆိုပါစို့။ သင့်မှာတော့ တာဝန်ပေါ့လိုက်တာအမှန်ပါပဲ။ ဒါကိုသင်က သဘောတွေကျပြီး အေးဆေးစွာ ရုံးတက်လိုက်၊ ရုံးဆင်းလိုက်၊ အိမ်ပြန်လိုက်နဲ့ သံသရာလည်နေခဲ့သည်ရှိသော် အချိန်တန် သူများတွေ skill အမျိုးမျိုးတတ်လာပြီး ရာထူးအသီးသီးတိုးသွားပေမယ့် သင်ကတော့ ကျန်နေခဲ့မှာဖြစ်ပါတယ်။ နောက်တိုးဝင်လာတဲ့အသစ်ကလေးတွေက စွမ်းရည်အမျိုးမျိုးနဲ့ သက်တမ်းကြာရင့်နေပြီဖြစ်တဲ့ သင့်ကိုကျော်တက်သွားပါလိမ့်မယ်။ အဲဒါက သက်တောင့်သက်သာရှိခြင်းနဲ့အတူ သင်ပေးဆပ်လိုက်ရမယ့်အရာပါပဲ။ အဲလိုပါပဲ…..အိမ်မှာမို့ မိဘက အရာအားလုံးသင့်အတွက် အဆင့်သင့်လိုက်လုပ်ပေးထားတယ်ဆိုပါစို့။ သင့်အတွက်တော့ အိမ်က comfort zone ပါပဲ။ ဒါပေမယ့် သင်အိမ်ထောင်ကျခဲ့ပြီဆိုရင် သင့်မိဘက သင့်ကို အရင်လိုလိုက်လုပ်ပေးနေလို့ မရနိုင်တော့ပါဘူး။ ထိုအချိန်ကျမှ မိဘအဆင့်သင့်လုပ်ပေးတာကို ခံယူခဲ့ခြင်းက အခက်အခဲကို နဖူးတွေ့ဒူးတွေ့ကြုံစေမှာပါပဲ။ အမေရိကန်သမ္မတကတော်ဟောင်း Eleanor Roosevelt ကပြောခဲ့ပါတယ်။ “Life is what you make it. Always has been, always will be.” တဲ့။ “ဘဝဆိုတာ သင်ရဲ့ဖန်တီးမှုပါပဲ။ အရင်ကရော၊ လက်ရှိရော၊ နောင်ရောပေါ့။” အဲဒါကြောင့် သင့်ဘဝကို သင်ဘယ်လိုဖန်တီးမလဲဆိုတာ သင့်အပေါ်မူတည်ပါတယ်နော်။ အရင်ကဘယ်လိုဖန်တီးခဲ့သလဲ၊ အခုကော ဘယ်လိုဖန်တီးအုံးမလဲ၊ နောင်ကော ဘယ်လိုဖန်တီးချင်သလဲ စသဖြင့် သင့်အပေါ်ချည်းမူတာပါပဲ။ သင်က ခပ်ပေါ့ပေါ့နေထိုင်ခြင်းနဲ့ ဘဝကိုဖြတ်သန်းခဲ့တယ်ဆိုရင် ခုတော့ ပြင်လိုက်ပါ။ comfort zone ထဲက ရုန်းထွက်ပါ။ သင့်ဘဝကို လေးနက်မှုတွေနဲ့ ပြန်ပြီး ဖန်တီးပါ။ သင်ဖန်တီးတဲ့အတိုင်း သင့်ဘဝလှပခြင်း၊ မလှပခြင်းက ဖြစ်လာမှာပါ။ ခုအချိန်မှာအောင်မြင်နေတဲ့သူတိုင်းက ဘဝကို comfort zone ထဲက ရုန်းထွက်ပြီး ခက်ခဲမှု၊ ကြပ်တည်းမှု၊ အဆင်မပြေမှုတွေထဲ ဝင်တိုးပြီး အနိုင်ရအောင်ကြိုးစားရင်းအောင်မြင်လာတဲ့သူတွေချည်းပါပဲ။ အဲဒါကြောင့် ဘဝကို ပျင်းရိစေတဲ့ comfort zone ထဲက ရုန်းထွက်ပါ။ သင့်ဘဝကို သင်ကိုယ်တိုင် ကြိုးစားမှုတွေနဲ့ လှပအောင်ဖန်တီးပါလို့ တိုက်တွန်းလိုက်ပါတယ်။

Related content