အအေးမိ ဖျားနာလျှင် ဘာတွေလုပ်သင့်သလဲ

Published on August 18, 2025 Reading time: 2 mins Tags: #Cold #Fever #Health Tips

အအေးမိ ဖျားနာခြင်းက ဆေးခန်းသွားကုသရင်တောင် ဆေးသောက်နေရင်းနဲ့ လည်ချောင်းနာတာ၊ နှာစေးနှာပိတ်တာမျိုး၊ ကိုယ်လက်ကိုက်ခဲတာမျိုး စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တတ်ပါသေးတယ်နော်။ အဲဒီလို ဆိုးကျိုးတွေကို ဆေးကုသနေရင်းခံစားရတဲ့အခါ သက်သာအောင် အိမ်မှာနေရင်းလုပ်လို့ရမယ့်အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။ ၁)ရေဓာတ်ရပါစေ။ အအေးမိဖျားနာနေပြီဆိုရင် ရေဓာတ်ခမ်းခြောက်လွယ်ပါတယ်။ အက်မင်တို့ငယ်ငယ်ကဆိုရင် ဖျားတာနဲ့ ရေများများသောက်တာက အဖျားကျစေတယ်လို့ မိဘတွေက တိုက်တွန်းတတ်ပါသေးတယ်။ အဲဒါကြောင့် အအေးမိဖျားနာတဲ့အခါ ရေကျက်အေး ဒါမှမဟုတ် ရေနွေးသောက်ပါ။ အသီးဖျော်ရည်၊ ဓာတ်ဆားရည်လည်း သောက်ပေးလို့ရပါတယ်။ ၂) ကြက်စွပ်ပြုတ်သောက်ပါ။ ကြက်စွပ်ပြုတ်က နေမကောင်းဖျားနာတဲ့အခါ သောက်သင့်ပါတယ်။ အအေးမိဖျားနာတဲ့ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ကြက်စွပ်ပြုတ်က သင့်ရဲ့ကိုယ်ခံအားကောင်းစေတယ်လို့ လေ့လာသူတွေက အကြံပေးထားပါတယ်။ ၃) နားနားနေနေ အနားယူပါ။ အအေးမိဖျားနာတဲ့အခါ ကိုယ်ခံအားပြန်လည်ကောင်းမွန်လာစေဖို့အတွက် ကောင်းမွန်စွာ အနားယူသင့်ပါတယ်။ နေမကောင်းပေမယ့် အနားမယူဘဲ အလုပ်တွေပြင်းထန်စွာလုပ်မယ်၊ အနားမယူဘဲ အခြားအာရုံစူးစိုက်ရမယ့်ကိစ္စတွေလုပ်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ပိုပြီးခံနိုင်ရည်နည်းပါးလာမှာပါ။ အဲဒါကြောင့် လုပ်လက်စတွေ အကုန်ရပ်ထားပြီး ကောင်းမွန်စွာ အနားယူသင့်ပါတယ်။ ၄) ရေနွေးလေးနဲ့ရေချိုးပါ၊ ရေပတ်တိုက်ပါ။ ရေပတ်တိုက်ခြင်းက အဖျားကိုသက်သာစေပါတယ်။ ပြန်အအေးမပတ်စေဖို့တော ဂရုစိုက်ရမှာပါ။ ရေနွေးလေးနဲ့ ခပ်မြန်မြန်လေးရေချိုးလိုက်ခြင်းက သင့်ကိုပေါ့ပါးစေပါတယ်။ ၅) ချည်သားလေးတွေဝတ်ပေးပါ။ ချွေးစုတ်မယ့် ချည်သား လက်ရှည်လေးတွေကို ဝတ်ပါ။ ချွေးထွက်များတဲ့အခါ လူကပိုပြီး နုံးချိနေတတ်ပါတယ်။ အဲဒါကြောင့် ချည်သားလေးတွေဝတ်ပါ။ ချည်သားလက်ရှည်လေးတွေက သင့်ကိုချွေးစုတ်တဲ့အတွက် ပေါ့ပါးနေစေမှာပါ။ အနွေးထည်အထူကြီးတွေ ဝတ်ပြီး နေတာက ပိုပြီး အပူများလာစေနိုင်သလို သင့်ကိုပိုပြီး နုံးချိတဲ့ခံစားချက်မျိုးဖြစ်စေလို့ သင်မလန်းဆန်းနိုင်ပါဘူး။ ၆) အာဟာရပြည့်ဝတဲ့အစာကို ဝင်အောင်စားပေးပါ။ နေမကောင်းတဲ့အချိန်က စားရသောက်ရအဆင်မပြေဆုံးအချိန်ပါပဲနော်။ စားချင်ပေမယ့် စားလိုက်တိုင်း ခံတွင်းမတွေ့တာမျိုးဖြစ်တတ်ပေမယ့် ကိုယ်ခံအားနည်းနေတတ်တဲ့အချိန်မို့ ဘာမှမစားချင်ရင်တောင် အာဟာရပြည့်ဝတဲ့အစာလေးတွေကို ဝင်အောင် စားပေးသင့်ပါတယ်။ အထက်ပါအချက်လေးတွေက အိမ်မှာလုပ်ကြည့်လို့အဆင်ပြေမယ့်အချက်လေးတွေပါပဲနော်။ အားလုံးပဲကျန်းမာကြပါစေ။

No related content found.