ပဲစားခြင်းကြောင့်ရရှိနိုင်သည့်အကျိုးကျေးဇူးများ
Published on August 18, 2025 Reading time: 1 mins Tags: #Beans #Health #Nutrition #Protein #Antioxidant
ပဲမှာ ပရိုတင်းဓာတ် ၊ အမျှင်ဓာတ် နဲ့ ဗီတာမင်ဓာတ်တွေအများကြီး ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအများကြီး ရနိုင်ပါတယ်။ အထူးသဖြင့် ပဲစားခြင်းကြောင့် ပရိုတင်းဓာတ်တွေပိုမိုရရှိနိုင်ပြီး နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်။ ပဲမှာ အမိုင်နိုအက်ဆစ်ဓာတ်လည်း ပါဝင်ပါတယ်။ ထိုဓာတ်က ပရိုတင်းဓာတ်ဖြစ်ပေါ်ဖို့အထောက်အကူဖြစ်စေပြီး ကြွက်သားတွေကို သန်မာဖို့ ကူညီပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ကတော့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်ပဲဖြစ်ပါတယ်။ ၁) ပရိုတင်းဓာတ်ပါဝင်တဲ့အရင်းအမြစ်ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကို ပြည့်ဝနဲ့ မပြည့်ဝဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ တိရိစ္ဆာန်မှရတဲ့ ထုတ်ကုန်တွေက ပြည့်ဝပရိုတင်းတွေဖြစ်ပါတယ်။ ဆိုလိုချင်တာက ပြည့်ဝပရိုတင်းဓာတ်မှာ အမိုင်နိုအက်ဆစ် ၉မျိုးလုံးပါဝင်တာပါ။ ပဲအမျိုးအစားအားလုံးအပြင် ပဲပိစပ်မှာသာ အမိုင်နိုအက်ဆစ် ၉မျိုးပါဝင်ပါတယ်။ မပြည့်ဝပရိုတင်းကတော့ အခွံမာအသီးတွေ၊ အစေ့အဆံတွေ၊ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာ အခြား ပရိုတင်းဓာတ်ပါဝင်တဲ့အရင်းအမြစ်တွေထက် ကယ်လိုရီ နဲ့ saturated fat နည်းပါးစွာပါဝင်ပါတယ်။ ၂) အာဟာရဓာတ်ပေါများစွာ ပါဝင်တဲ့အစားအစာဖြစ်ပါတယ်။ ပဲအမျိုးမျိုးမှာ ဖော်လိတ်ကဲ့သို့ အခြားသော အာဟာရဓာတ်တွေပါဝင်ပါသေးတယ်။ ဖော်လိတ်က ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားမှုတွေကို ကာကွယ်ပေးဖို့ ကူညီနိုင်ပါတယ်။ ပဲအမျိုးမျိုးမှာ အခြားသောအာဟာရဓာတ်တွေဖြစ်တဲ့ ဇင့်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ၃) Antioxidant ဓာတ် ပါဝင်ခြင်း ပဲမှာ Polyphenols လို့ခေါ်တဲ့ antioxidant အမျိုးအစားတစ်မျိုး ပေါများစွာပါဝင်ပါတယ်။ antioxidant ဓာတ်တွေက ခန္ဓာကိုယ်မှာဖြစ်ပေါ်တတ်သော ကင်ဆာရောဂါ၊ ယောင်ရမ်းခြင်းစတဲ့ရောဂါတွေကို ဖြစ်ပေါ်စေတဲ့ free radicals တွေရဲ့အကျိုးသက်ရောက်မှုတွေကို တိုက်ဖျက်နိုင်ပါတယ်။ ၄) နှလုံးကျန်းမာရေးကို ပိုကောင်းစေခြင်း ပဲအမျိုးမျိုးကို စားသုံးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ အခြား နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်ပါတယ်။ ၂၀၁၃ခုနစ်က လေ့လာတွေ့ရှိချက်တွေအရ ပဲစားခြင်းက နှလုံးနဲ့ဆိုင်တဲ့ရောဂါဖြစ်ပွားမှုလျော့ကျခြင်းနဲ့ ဆက်နွယ်နေတာ ထင်ရှားကြောင်းတွေ့ရပါတယ်။ အခြားလေ့လာတွေ့ရှိချက်တစ်ခုကတော့ ပဲစားခြင်းက ကိုလက်စထရောကိုလျော့ကျစေပါတယ်။ ကိုလက်စထရောမြင့်မားခြင်းက နှလုံးရောဂါဖြစ်ပွားဖို့ အလားအလာပိုများစေပါတယ်။ ၅) ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေခြင်း ပဲမှာပါတဲ့ antioxidant ဓာတ်တွေကြောင့် နီရဲ၊ ဖူးယောင်၊ ယောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။ အဲဒါက ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ ၂၀၁၅မှာ လေ့လာတွေ့ရှိချက်အရ antioxidant ရဲ့အစွမ်းသတ္တိတွေကြောင့် အူကင်ဆာဖြစ်ပွားမှုကို တိုက်ဖျက်နိုင်လို့ တွေ့ရပါတယ်။ အနက်ရောင်ပဲစေ့တွေမှာဆိုရင် antioxidant ရဲ့အစွမ်းသတ္တိတွေပိုပြီး မြင့်မားစွာပါဝင်ပါတယ်။ အနက်ရောင်ပဲစေ့တွေမှာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးစေနိုင်တဲ့အတွက် အူမကြီးကင်ဆာဆဲလ်တွေ တိုးပွားလာခြင်းကို နှေးကွေးစေနိုင်ပါတယ်လို့ ၂၀၁၆ခုနစ်က စမ်းသပ်ချက်တစ်ခုမှာတွေ့ရှိခဲ့ပါတယ်။ ၆) ဆီးချိုရောဂါနဲ့ ကလူးဂို့စ်ဓာတ်ကို ထိန်းညှိပေးခြင်း ပဲအမျိုးမျိုးမှာ သွေးထဲက ကလူးဂို့စ်ဓာတ်ပမာဏကို ထိန်းသိမ်းပေးဖို့ ကူညီပေးနိုင်တဲ့အတွက် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ပဲမှာ အမျှင်ဓာတ်များပြားစွာပါဝင်မှုကြောင့် သွေးထဲက ကလူးဂို့စ်ဓာတ်ကို လျော့ကျဖို့ကူညီနိုင်ပါတယ်။ ၂၀၁၅ခုနစ်က ကြွက်တွေမှာ စမ်းသပ်တဲ့အခါ ပဲပိစပ်မှာ ပါဝင်တဲ့ဓာတ်တစ်မျိုးကိုတွေ့ရှိခဲ့ပါတယ်။ ထိုဓာတ်က ခန္ဓာကိုယ်ရဲ့ ကလူးဂို့စ်မာဏကို ထိန်းသိမ်းပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပဲပိစပ်မှာ ပန်ကရိယဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးနိုင်တာကိုတွေ့ရှိခဲ့ပါတယ်။ ပန်ကရိယကနေ အင်ဆူလင်ဓာတ်ကို ထုတ်လုပ်ပေးပါတယ်၊ အင်ဆူလင်က သွေးထဲကသကြားကို ထိန်းညှိပေးနိုင်ပါတယ်။ ၇) အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်ခြင်း အသည်းထဲမှာ အဆီတွေစုပုံလာတဲ့အခါ အသည်းအဆီဖုံးခြင်းဖြစ်ပေါ်နိုင်ပါတယ်။ ၂၀၁၆ခုနစ်မှာကြွက်တွေကို လေ့လာတဲ့အခါမှာ အသည်းမှာ စုပုံနေတဲ့အဆီတွေကို ထိန်းသိမ်းပေးနိုင်ခဲ့တယ်လို့တွေ့ရှိခဲ့ပါတယ်။ အဲဒီအချက်ကြောင့် ပဲစားခြင်းက အသည်းအဆီဖုံးခြင်းအန္တရာယ်ကို လျော့ကျစေပြီး အသည်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ၈) အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ခြင်း ပဲမှာပါဝင်တဲ့ အမျှင်ဓာတ် နဲ့ ကစီဓာတ်က အစာအလွန်အကျွံ့စားခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ ပဲကိုစားပြီးတဲ့နောက်မှာ အစာပြည့်ဝသလို ခံစားရစေပြီး အဲဒါက အစာကိုအလွန်အကျွံ့စားခြင်းကို ကာကွယ်ပေးနိုင်သလို ဝိတ်ကျခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ ၉) အူကျန်းမာရေးကို ကောင်းမွန်စေခြင်း ပဲအမျိုးမျိုးမှာ အထူးသဖြင့် အနက်ရောင်ပဲစေ့တွေမှာ အူနဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေပြီး အူကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အူထဲက ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ဘက်တီးရီးယားပမာဏကို တိုးပွားစေနိုင်ပါတယ်။ အဲဒါကြောင့် အူနဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ https://www.medicalnewstoday.com/articles/320192.php လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။