ပထမဆုံးစတင် ခရီးသွားမယ့်သူတွေ ဆောင်ရန်ရှောင်ရန်များ

Published on September 22, 2025 Reading time: 2 mins Tags: #Travel #Advice #Beginner Travelers

ခရီးသွားခြင်းက သင့်စိတ်ကို ကုစားနိုင်ပါတယ်။ သင့်စိတ်တွေ ပြန်လည်လန်းဆန်းလာနိုင်ပြီး စိတ်ဖိစီးမှုတွေလည်း လျော့နည်းစေပါတယ်။ အတွေးအခေါ်အသစ်တွေလည်း ရနိုင်သလို၊ ဒေသန္တရဗဟုသုတတွေလည်း ရနိုင်ပါတယ်။ ခရီးသွားနေကျသူတွေက သိပြီးသားဖြစ်ပေမယ့် ခုမှ စတင်ခရီးသွားဖို့ ပြင်ဆင်မယ့်သူတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေကိုဖော်ပြပေးချင်ပါတယ်။ လာမယ့်နှစ်မှာ ပိတ်ရက်တွေဆက်ပြီးပိတ်တာမို့ ခရီးထွက်ဖို့ စိတ်ကူးထားသူတွေကို ဒီဆောင်းပါးလေးက အကူအညီဖြစ်မယ်ထင်ပါတယ်။ ၁) မပါမဖြစ်ယူသင့်တဲ့ပစ္စည်းတွေကို ချရေးထားပါ။ အရင်ဆုံး ကိုယ်သွားမယ့်နေရာနဲ့ကိုက်ညီမယ့် ပစ္စည်းတွေ၊ မပါမဖြစ်ယူသွားရမယ့် အချက်အလက်စာရွက်တွေ၊ စာရင်းလုပ်ချရေးထားပါ။ အဲဒါက သင့်ကို ပစ္စည်းတွေမေ့ကျန်ခဲ့တာမျိုးမဖြစ်စေတော့ပါဘူး။

၂) အရေးကြီးတာကို အရင်ဆုံးမှတ်မှတ်ရရထည့်ထားပါ။ အရေးကြီးတဲ့ မှတ်ပုံတင်၊ မြေပုံ၊ အခြားသော ပစ္စည်းများ၊ဖုန်းအားသွင်းကြိုး၊ power bank ၊ ဓာတ်မီး၊ စတဲ့အရာတွေကို အရင်ဆုံးမမေ့မလျော့ထည့်ထားပါ။ ဘဏ်စာအုပ်၊ credit card ၊ debit card စသဖြင့်မမေ့ပါစေနဲ့။

၃) သွားမယ့်နေရာနဲ့ကိုက်ညီတဲ့အဝတ်အစားရွေးချယ်ပါ။ သွားမယ့်နေရာက အေးမယ့်နေရာမျိုးလား၊ ပူမယ့်နေရာမျိုးလား။ အဆင်ပြေအောင် ဘယ်လိုဝတ်စားမလဲ၊ ဘယ်နှစ်စုံလောက်ထည့်မလဲ၊ သယ်ရလည်းသက်သာအောင်ဘယ်လိုထည့်မလဲစသဖြင့် စဉ်းစားပါ။ အေးဆေးခရီးထွက်ခြင်းက သင့်ကိုစိတ်အပန်းပြေစေတာမို့ အရမ်းလေးပင်ပြီး သင့်ကို ဝန်ပိစေမယ့်ပစ္စည်းတွေအများကြီးသယ်သွားတာမျိုး မလုပ်သင့်ပါဘူး။ အထုပ်တွေသယ်နေရတာနဲ့တင် ပတ်ဝန်းကျင်ကို ခံစားဖို့ အချိန်မရှိဘူးဖြစ်နေပါလိမ့်မယ်။ အဓိက အဝတ်အထည်လောက်သာ သယ်ဆောင်သင့်ပြီး လမ်းခရီးမှာ အဆင်ပြေသလို ဝယ်ဝတ်တာမျိုးကလည်း သင့်ကိုပေါ့ပါးစေပါတယ်။

၄) ဖုန်း၊ လက်တော့၊ powerbank အားအပြည့်သွင်းပါ။ အရေးကြီးတဲ့အထဲမှာ ထိုအရာတွေလည်းပါပါတယ်။ ဖုန်းကို အားအပြည့်သွင်းထားပြီး power bank ကိုလည်း အားသွင်းထားပါ။ လက်တော့လည်းယူသွားမယ်ဆိုရင် အားသွင်းထားသင့်ပါတယ်။ အေးအေးဆေးဆေးသွားတဲ့ခရီးမျိုးဆိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေ မှတ်သားထားချင်တာ၊ ရေးချင်တာမျိုးဆို လက်တော့နဲ့မှ ပိုအဆင်ပြေမယ်ထင်ပါတယ်။

၅) ဆေးဝါးဆောင်သွားပါ။ ကားမူးတတ်ရင် ကားမူးပျောက်တဲ့ဆေး၊ ခေါင်းကိုက်တတ်ရင် ခေါင်းကိုက်ပျောက်ဆေး၊ လေအောင့်တတ်ရင် လေဆေး၊ ပလာစတာ၊ ဂွမ်း သဖြင့် ကိုယ့်ဝေဒနာအသေးအဖွဲလေးတွေအတွက် ဆေးတော့ ဆောင်ထားသင့်ပါတယ်။

၆) ပိုက်ဆံအိတ်ကို ကိုယ်နဲ့မကွာယူထားပါ။ ပိုက်ဆံအိတ်ကို ကိုယ်ထုတ်ယူရလွယ်တဲ့နေရာ ဒါမှမဟုတ် လွယ်အိတ်လိုမျိုး လွယ်ထားသင့်ပါတယ်။ မေ့မေ့လျော့လျော့နဲ့ ကျောပိုးအိတ်နောက်ထဲထည့်ထားတာမျိုး၊ နှိုက်ရပြုရခက်တဲ့နေရာမျိုးထဲထည့်ထားတာမျိုးမလုပ်ဖို့လိုသလို၊ အခြားသူတွေ နှိုက်လို့လွယ်စေမယ့်၊ အခြားသူတွေ သတိထားမိစေမယ့် နေရာမျိုးမှာလည်း ခပ်လွယ်လွယ်မထားဖို့ သတိထားပါ။

၇) သင့်အတွက် အကူအညီဖြစ်စေမယ့် application တွေဖုန်းထဲထည့်ထားပါ။ ဥပမာ။ google map လိုမျိုး ၊ flash light လိုမျိုး ပေါ့။ ဖုန်းကို လော့ချထားတာပိုကောင်းပါတယ်။ အချို့အရေးကြီးဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေ မှတ်ထားပါ။ ကိုယ်သွားမယ့်နေရာရဲ့ အချက်အလက်တွေ၊ သွားလည်ပတ်သင့်တဲ့နေရာတွေ၊ စသဖြင့် travel bloggers တွေကို ကြည့်ပြီး မှတ်သားစရာတွေကို မှတ်သားထားသင့်ပါတယ်။

Related content