ကျရှုံးမှုကိုအံ့တုခဲ့သောအောင်မြင်သည့်အားကစားသမားများ

Published on September 7, 2025 Reading time: 1 mins Tags: #Athletes #Success Stories #Overcoming Failure

ဘဝမှာ တစ်ကြိမ်တစ်ခါတော့ လူတိုင်း ရှုံးနိမ့်ခဲ့ကြဖူးပါလိမ့်မယ်။ အခုလက်ရှိမှာ အောင်မြင်ကျော်ကြားနေသူတွေဟာ အမြဲအောင်မြင်နေခဲ့တယ်လို့ သင်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အောင်မြင်မှုကြီးလေလေ သူကြုံတွေ့ခဲ့ရတဲ့ ရှုံးနိမ့်မှုတွေ များလေလေပါပဲ။ အခုပြောပြမှာကတော့ ကျရှုံးမှုကို အံတုပြီး အောင်မြင်လာခဲ့တဲ့ နာမည်ကျော် အားကစားသမား (၅) ယောက်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ ဖြစ်ပါတယ်။

Kieran Behan (ဘားဂျွမ်း ကစားသမား)

သင်သာ တစ်သက်လုံး လမ်းလျှောက်နိုင်မှာ မဟုတ်တော့ဘူးလို့ အပြောခံရမယ်ဆိုရင် စိတ်ထဲဘယ်လို ခံစားရမလဲ? Kieran Behan ကတော့အဲ့လို အပြောခံခဲ့ရပါတယ်။ အသက် ၁၀ နှစ်အရွယ်မှာ ပေါင်ထဲက ကင်ဆာအကျိတ်လုံးကို ဖယ်ရှားဖို့ ခွဲစိတ်မှု ပြုလုပ်ခဲ့ရတယ်။ ခွဲစိတ်မှုက ဆိုးရွားခဲ့ပါတယ်။ သူ့ရဲ့ ပေါင်က နာ့ဗ်ကြောတွေ ထိခိုက်ပျက်စီးသွားခဲ့တာပေါ့။ ဒီ့မတိုင်ခင်အထိက သူဟာ ဂျွမ်းဘားကို အရူးအမူးနှစ်ခြိုက်ပြီး အိုလံပစ် ချန်ပီယံဖြစ်ဖို့ လေ့ကျင့်နေခဲ့တဲ့ ကလေးငယ်တစ်ဦးပါ။ ဒါပေမယ့် အခုလို လက်တွန်းလှည်းပေါ်မှာပဲ ထိုင်နေရတော့မယ့် ဘဝမှာ သူ့ရဲ့အိပ်မက်က ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မှာလဲ။ လူအတော်များများက ဒီလိုပဲ တွေးမိကြပါလိမ့်မယ်။ ဒီအထဲမှာ သူကိုယ်တိုင်တော့ မပါဝင်ခဲ့ပါဘူး။ ပြန်လည်ကျန်းမာလာဖို့ အချိန်အတော်ကြာခဲ့တယ်။ လက်တွန်းလှည်းပေါ်မှာ ၁၅ လကြာ နေခဲ့ရပြီးနောက်မှာတော့ Gym ကိုပြန်သွားနိုင်ခဲ့တယ်။ ဒါပေမယ့် လအနည်းငယ်အကြာမှာပဲ လေ့ကျင့်နေရင်းနဲ့ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိပြီး ဦးနှောက်ဒဏ်ရာ ရခဲ့ပါတယ်။ ဘယ်လောက်တောင် ဆိုးလဲဆိုရင် မျက်တောင်ခတ်ရင်တောင်မှ မိုက်ခနဲဖြစ်သွားပြီး သတိမေ့သွားလေ့ရှိပါတယ်။ ကျောင်းကို တစ်နှစ်နားခဲ့ရတယ်။ ဒါပေမယ့် ဂျွမ်းဘားကစားဖို့ကတော့ သူ့စိတ်ထဲမှာ ရှိနေဆဲပါ။ ဒီအခေါက်ကတော့ ပိုခက်ခဲပါတယ်။ ဦးခေါင်းဒဏ်ကို ပြန်သက်သာလာအောင် အရင်ပြန်ကျန်းမာအောင် ကြိုးစားခဲ့ရတယ်။ ကျောင်းတက်တဲ့အခါ လမ်းလျှောက်တုတ်နဲ့ပေါ့။ အခန်းဖော်တွေရဲ့ လှောင်ပြောင်မှုတွေက နားထဲမှာ ပြည့်လို့။ မတော်တဆမဖြစ်ခင် အခြေအနေကို ပြန်ရဖို့ ၃ နှစ်တိတိ ပြန်ကြိုးစားခဲ့ရပါတယ်။ ဒီကြားထဲမှာ လေ့ကျင့်မှုတွေက ချောမွေ့နေတာတော့ မဟုတ်ခဲ့ဘူး။ အရိုးကျိုးတာတွေ အရိုးအက်သွားတာတွေ များစွာ ခံစားခဲ့ရတယ်။ အဆိုးဆုံးကတော့ ဥရောပချန်ပီယံပြိုင်ပွဲအတွက် ရွေးချယ်ခံရချိန်မှာပဲ ဒူးခေါင်းကြေတဲ့ ဒဏ်ရာ ထပ်ရခဲ့တာပါ။ ဒီတစ်ခါမှာတော့ Kieran Behan ကိုယ်တိုင် စိတ်ဓာတ်တော်တော် ကျသွားခဲ့ပါတယ်။ သူလက်လျှော့ခါနီးအထိ ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အားကစားကို ချစ်တဲ့စိတ်ကြောင့်ပဲ လက်မလျှော့ဖြစ်ခဲ့ပါဘူူး။ သူ့ရဲ့ ဇွဲလုံ့လကြောင့် ၂၀၁၁ ခုနှစ်မှာ Challenge World Cup Floor ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာ ပါဝင်ဖို့ လက်ရွေးစင်အဖြစ် နောက်ဆုံးတော့ ရွေးချယ်ခံခဲ့ရပါတယ်။ ဆိုးရွားလှတဲ့ နာကျင်မှု၊ ဒဏ်ရာတွေနဲ့ စိတ်ဓာတ်ကျဖွယ် အခြေအနေအားလုံးကို ကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ Kieran Behan ဟာသူ့ရဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဇွဲလုံ့လနဲ့ စိတ်ဓာတ်ပြင်းပြမှုရဲ့ အကောင်းဆုံး နမူနာ စံပြအားကစားသမားတစ်ယောက်ပါပဲ။

Michael Jordan (ဘတ်စကတ်ဘော ကစားသမား)

အားကစားကြိုက်နှစ်သက်သူတိုင်း Micahel Jordan ဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ။ ဘတ်စကတ်ဘောသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးခံရသူပေါ့။ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး အားကစားသမားတစ်ဦး ဖြစ်ပါတယ်။ Michael Jordan ကတော့ သူ့ရဲ့ အောင်မြင်မှုတွေအားလုံးဟာ သူ့ရဲ့ကျရှုံးမှုတွေနေ အရင်းတည်လာတယ်လို့ ပြောပါတယ်။ ရှုံးနိမ့်မှုတွေက စိတ်ပျက်လက်ပျက်ဖြစ်စေမယ့်အစား သူ့ကို ပိုကြိုးစားဖို့ တွန်းအားတွေ ပေးခဲ့တယ်။ ကမ္ဘာ့အတော်ဆုံး ဘက်စကတ်ဘော ကစားသမားဟာ ငယ်စဉ်ဘဝတုန်းက အရည်အချင်းရှိတယ်လို့တောင် သတ်မှတ် မခံခဲ့ရသူပါ။ အထက်တန်းကျောင်း ဘက်စကတ်ဘောအသင်းကနေ ချန်လှပ်ထားခံခဲ့ရပါတယ်။ သူရဲ့ ရှုံးနိမ့်မှုတွေအားလုံးကို သူမှတ်ထားလေ့ရှိတယ်၊ ဒီအထဲမှာ ပွဲပေါင်း ၃၀၀ ရှုံးခဲ့ပြီး အရေးကြီးတဲ့ အနိုင်ရမှတ်အတွက် ၂၆ ကြိမ်တိတိ သူ့ရဲ့ပစ်သွင်းမှု လွဲချော်ခဲ့ဖူးတာတွေ ပါဝင်ပါတယ်။ ချန်ပီယံအများစုအနေနဲ့ ရှုံးနိမ့်သွားတာကြောင့် ဆက်မကြိုးစာချင်ကြတော့ဘူး၊ ဒါပေမယ့် Michael Jordan မှာတော့ အတွေးတစ်ခုထဲပဲရှိခဲ့တယ်၊ ဆက်ကြိုးစားဖို့။ သူပြောဖူးတဲ့စကားတစ်ခွန်းရှိပါတယ်။ “ကြောက်ရွံ့မှုက လူတစ်ချို့အတွက် အတားအဆီးဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မဟုတ်ဘူး၊ အထင်မှားမှု ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ။ ရှုံးသွားတာက နောက်ထပ်ကြုံလာမယ့် အခွင့်အရေးအတွက် အခုထက်ပိုကြိုးစားဖို့ အမြဲတွန်းအားပေးတယ်။”

Bethany Hamilton (ရေလွှာလှိုင်းစီး ကစားသမား)

Hawaii မှာကြီးပြင်းလာခဲ့တာမို့ Bethany Hamilton တစ်ယောက် အသက် ၇ နှစ်အရွယ်မှာထဲက ရေလွှာလှိုင်းစစီးတတ်နေပြီဆိုတာ ထူးခြားတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ၂၀၁၃ ခုနှစ်မှာ သူမရဲ့ ဘယ်ဘက်လက် ငါးမန်းကိုက်ခံခဲ့ရပြီး ပြတ်သွားခဲ့ပါတယ်။ ပြန်လည်ကျန်းမာလာတဲ့အချိန်မှာ သူမကိုယ်သူမ ကတိ ၂ ခုပေးခဲ့တယ်၊ ပထမတစ်ခုက ကံဆိုးတာကို ငြီးညူအပြစ်တင်မနေဘူးဆိုတဲ့ ကတိနဲ့ ဒုတိယတစ်ခုက သူမ ရေလွှာလှိုင်းပြန်စီးကိုစီးနိုင်ရမယ်ဆိုတဲ့ ကတိပါ။ သူမနေရာမှာ တစ်ခြားတစ်ယောက်ဆို လက်လျှော့လိုက်နိုင်ပါတယ်၊ တော်ပြီ၊ ငါဆက်မလုပ်တော့ဘူး၊ ဒီလိုတွေးကောင်းတွေးမိနိုင်ပါတယ်။ Bethany Hamilton ကတော့ပြတ်သားသူပါ၊ ပြန်လည်ကျန်းမာလာပြီး ၂၆ ရက်အကြာမှာပဲ ပင်လယ်ထဲပြန်ရောက်နေပါပြီ။ အခုဆိုရင် ကမ္ဘာ့ထိပ်ဆုံး အမျိုးသမီး ရေလွှာလှိုင်းစီး ကစားသမား ၅၀ ထဲမှာ Bethany Hamilton ပါဝင်နေပါတယ်။ NSSA National Championships ရဲ့ Explorer Women’s Division မှာလဲ ပထမဆုကို သူမရယူနိုင်ခဲ့ပါတယ်။ လက်တစ်ဖက်ထဲနဲ့ ရေလွှာလှိုင်း ကစားသမားအဖြစ် အောင်မြင်လာဖို့ သူမ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရတာပါ။ လက်တစ်ဖက်ထဲနဲ့ ဟန်ချက်ညီအောင် ထိန်းဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စတစ်ခုပါ။ စိတ်ရှုပ်ထွေးစရာ အခိုက်အတန့်တွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီမတော်တဆမှုက သူမကို ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်ဖို့အတွက် လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားကို ပေးခဲ့တယ်၊ အထူးသဖြင့် ကြောက်စရာကောင်းတဲ့ အခြေအနေတွေမှာ အကြောက်တရားကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမကောင်းကောင်းကြီး သဘောက်ပေါက်နားလည်သွားခဲ့ပါတယ်။ မသန်စွမ်းကလေးငယ်များစွာအတွက် Bethany Hamilton ဟာတကယ့်ကို စံပြလူသားတစ်ဦးပါပဲ။ သူမကိုယ်တိုင် ဦးစီးတည်ထောင်ထားတဲ့ Friends of Bethany အသင်းအဖွဲ့ကနေတဆင့် ခြေလက်အင်္ဂါ ဆုံးရှုံးသွားရတဲ့ လူငယ်များကို ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။

Muhammad Ali (လက်ဝှေ့သမား)

“စွန့်စားမှုတွေပြုလုပ်ဖို့ သတ္တိမရှိသူတစ်ယောက်ဟာ ဘဝမှာ ဘာအောင်မြင်မှုမှ ရလိမ့်မယ် မဟုတ်ဘူး။” ရောမမြို့က ၁၉၆၀ ပြည့်နှစ် ကစားပွဲတွေမှာ Gloden Glove နဲ့ အိုလံပစ်ရွှေတံဆိပ်တွေကို ရယူနိုင်ခဲ့သူ ကမ္ဘာ့အကြီးကျယ်ဆုံး လက်ဝှေ့သမားအဖြစ် သတ်မှတ်ခံရတဲ့ နာမည်ကျော် လက်ဝှေ့သမားကြီး Muhammad Ali ပြောခဲ့တဲ့စကားပါ။ သူ့ရဲ့ လက်ဝှေ့သမားဘဝနဲ့ အားကစားကနေ လူပေါင်းများစွာကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ လက်ဝှေ့ကြိုးဝိုင်းကနေ အနားယူပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့ဘဝကို ပရဟိတလုပ်ငန်းတွေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ နှစ်မြုပ်ခဲ့တယ်။ အထူးသဖြင့် သူကိုယ်တိုင် ခံစားခဲ့ရတဲ့ Parkinson ရောဂါနဲ့ပတ်သက်ပြီးတော့ ကူညီထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။ စွန့်စားမှုဆိုတာ သူ့အတွက်တော့ အသစ်အဆန်းကိစ္စ မဟုတ်ပါဘူး။ အသက် ၁၂ နှစ်အရွယ်မှာ သူ့ရဲ့ စက်ဘီးအခိုးခံရပြီးနောက်မှာ နောင်သူခိုးတွေကို ရင်ဆိုင်ဖို့ လက်ဝှေ့သင်ဖို့ကို စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အားကစားသမား အများစုဟာ အကောင်းဆုံးမဖြစ်မှာဆိုတဲ့ ကြောင့်ကြစိတ်နဲ့ ငါရှုံးနိမ့်သွားခဲ့ရင်ဆိုတဲ့ ကြောက်စိတ်တွေရဲ့ လွှမ်းမိုးခြင်းကို ခံရပါတယ်။ ဒါက သူတို့ရဲ့ အစွမ်းအစတွေ အပြည့်အဝမပေါ်လာစေတဲ့ အတားအဆီးတစ်ခုပါပဲ။ အမှားလုပ်မိမှာကို ကြောက်ကြတယ်၊ အနိုင်ကလွဲလို့ ကျန်တဲ့ရလဒ်ကို အရှုံးလို့ ယူဆတတ်ကြတယ်။ Muhammad Ali ကတော့ လိုအပ်တဲ့ စွန့်စားမှုတွေကို ပြုလုပ်ဖို့ ဘယ်တော့မှ တွန့်ဆုတ်တတ်ခဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့်လဲ မျိုးဆက်သစ်တွေရဲ့ ရင်ထဲမှာ အခုအချိန်ထိ စံပြအားကစားတစ်ယောက်အနေနဲ့ ရှိနေသေးတာဖြစ်ပါတယ်။

Michael Phelps (ရေကူး အားကစားသမား)

Michael Phelps ဟာကမ္ဘာ့အကောင်းဆုံး အိုလံပစ် ရေကူးသမား တစ်ဦးဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲတစ်ခုထဲမှာ ရွှေတံဆိပ်ဆု ၈ ခုကို ကစားသမားတစ်ယောက်ထဲက ရယူနိုင်မယ်လို့ ဘယ်သူတွေက တွေးခဲ့ဖူးမှာလဲ။ ဘယ်သူမှ တွေးထင်မထားတဲ့ ကိစ္စကို သူကအမှန်တကယ် လုပ်ပြသွားခဲ့ပါတယ်။ အိုလံပစ် ဆုတံဆိပ် ၁၉ ခုကိုရယူထားနိုင်ခဲ့ပြီး ၁၅ ခုကရွှေတံဆိပ်တွေ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့တစ်ချက်က Michael Phelps ဟာငယ်စဉ်တုန်းက ADHD (Attention disorder/ hyperactivity disorder) လို့ခေါ်တဲ့ ဦးနှောက်လုပ်ဆောင်မှု မူမမှန်တာကို ကုသခဲ့ရသူ တစ်ဦးပါ။ လူအများစုက ထင်ကြတာက ADHD သမားတွေကို အာရုံမစူးစိုက်နိုင်သူတွေ၊ စိတ်လိုက်မာန်ပါလုပ်တတ်သူတွေ၊ ဂနာမငြိမ်ဖြစ်နေတတ်သူတွေလို့ ယူဆထားကြပါတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာ ADHD သမားတွေဟာ သူတို့ စိတ်ပါဝင်စားတဲ့အရာတစ်ခုအပေါ်ကို လုံးဝသေချာ အာရုံစူးစိုက်နိုင်စွမ်းကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ဒီအချက်ကို Michael Phelps ကအပြည့်အဝအသုံးချနိုင်ခဲ့တယ်၊ ADHD ကိုအပြုသဘောအနေနဲ့ အသုံးချလို့ကမယ့် နည်းကိုရှာဖွေပြီး သူ့ရဲ့ရေကူး အားကစားမှာ လက်တွေ့အသုံးချခဲ့ပါတယ်။ အတော်ဆုံးဆိုတဲ့ ရေကူးသမားတွေကို အနိုင်ယူပြခဲ့တဲ့ Michael Phelps ဟာစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်၊ တခြားအားနည်းချက်ရှိသူတွေအတွက် တကယ်ကို စံပြကောင်းတစ်ဦးပါ။ သူ့အောင်မြင်မှုရဲ့ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကတော့ ပြိုင်ပွဲမစခင်မှာထဲက အနိုင်ရမယ့်ပုံရိပ်ကို စိတ်ထဲမှာ ပုံဖော်ကြည့်လေ့ရှိတာပါ၊ ဒီအမူအကျင့်ကို သူအသက် ၇ နှစ်အရွယ်ထဲက စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ် စိတ်ပါဝင်စားပြီဆိုရင် မအောင်မြင်စရာ ဘာကန့်သတ်မှတ်ချက်မှ ရှိမနေပါဘူးဆိုတာကို Michale Phelps ကသက်သေထူပြသွားခဲ့ပါတယ်။ အခုပြောပြပေးလိုက်တဲ့ အားကစားသမားတွေရဲ့ နာမည်ကို စိတ်ဓာတ်ကျစရာကြုံတိုင်း၊ ငါဆက်မကြိုးစားတော့ဘူးကွာ၊ လက်လျှော့လိုက်တော့မယ်လို့ အတွေးပေါ်တိုင်း သတိရေပေးပါ။ ဒီဆောင်းပါးလေးကနေ စာဖတ်သူတွေ စိတ်ဓာတ်ခွန်အား တစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် ရေးသားရကျိုး နပ်ပါပြီ။

Source: “The stories of these 5 athletes will motivate everyone of you,” llifehack.org မှဘာသာပြန်ဖော်ပြထားပါသည်။ ပုံမ ျားကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

No related content found.